ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ အာရှရဲ့ ဒုတိယအကြီးဆုံး ဝန်ဗိုက်ဒီရေတောကြီးဟာ လက်ရှိမှာ သစ်ခိုးထုတ်ခံရမှု အမြင့်ဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ဧရိယာအကျယ်အဝန်း ၅၆,၆၃၃ ဧကကျယ်ဝန်းတဲ့ ဝန်ဗိုက်ဒီရေတောကြီးဟာ ထိန်းသိမ်းစောင့်ရှောက်မှု အင်အားနည်းပါးတာကြောင့် ၇၅ ရာခိုင်နှုန်း တောပြုန်းတီးမှုနဲ့ ကြုံတွေ့နေရတဲ့ ဒီရေတောကြီးတခုလည်း ဖြစ်ပါတယ်။
ဝန်ဗိုက်ဒီရေတောမှာ သစ်ခိုးထုတ်မှု အခြေအနေတွေဟာ လျော့ပါးသွားတာမရှိဘဲ လက်ရှိမှာ သစ်ခိုးထုတ်နေတာတွေ အမြင့်ဆုံးအခြေနေတရပ်မှာ ရှိနေတယ်လို့ ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး ဥက္ကဋ္ဌ ဦးထွေးအောင်က ပြောပါတယ်။
“သစ်ခိုးထုတ်မှုတွေက အခြေအနေ ပိုဆိုးလာတယ်လို့ ပြောရပါမယ်။ ဒီရေတောက ဧရိယာ အကျယ်အဝန်း များတယ်။ ထိန်းသိမ်းစောင့်ရှောက်တဲ့လူက နည်းတယ်။ လက်မလုံနိုင်ဘူးပေါ့။ ခုကလည်း တနိုင်တပိုင်လေးပဲ လုပ်နေကြရတာဆိုတော့ သိပ်ပြီးတော့လည်း လက်လှမ်းမမီနိုင်ဘူး ဖြစ်နေတာပါ။”
ဝန်ဗိုက်ဒီရေတောကြီးမှာ အစိုးရဘက်က သစ်တောထိန်းသိမ်းရေး ခန့်ထားတဲ့ ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် သစ်တောကို စွန့်ခွာသွားခဲ့ပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်းကစလို့ အနီးနား ကျေးရွာ ၁၄ ရွာကနေ စုပေါင်းထိန်းသိမ်းမှုတွေ ပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာ ဒီရေတော ထိန်းသိမ်းစောင့်ရှောက်နေသူ ဦးရေဟာ ၂၀ ကျော်လောက်ပဲ ရှိနေတယ်လို့ သိရပါတယ်။
အရင်လပိုင်းတွေအတွင်းက ဒီရေတောမှာ သစ်ခိုးထုတ်မှုတွေဟာ တလကို အစီးရေ ၁၀ ကျော်ခန့်သာ တွေ့ရှိရပေမဲ့ လက်ရှိမှာတော့ တနေ့တည်းကို ၁ စီးကနေ ၃ စီးအထိ လာရောက်နေတတ်ပြီး တနိုင်တပိုင် သစ်ခိုးထုတ်သူတွေအပြင် စီးပွားဖြစ် သစ်ခိုးထုတ်သူတွေ ပါဝင်တယ်လို့ ဒီရေတော ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။
ဧကကျယ်ဝန်းပြီး ထိန်းသိမ်းစောင့်ရှောက်မှု အင်အားနည်းပါးနေတဲ့ ဝန်ဗိုက်ဒီရေတောကြီးကို အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်းတွေ မြန်ဆန်စွာ လုပ်ဆောင်ပေးဖို့ လိုအပ်နေပြီး ထိန်းသိမ်းမှုတွေ လျော့နည်းနေပါက အခုထက် ဆိုးရွားတဲ့ တောပြုန်းတီးမှုတွေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်သူတွေက ပြောဆိုကြပါတယ်။