မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သဲအင်းကျေးရွာနဲ့ မြစ်ကမ်းဘေးကရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၉ နာရီခွဲက မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ မန္တလေးမြို့ဘက်ကနေ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာပြီး ရွာကို အကြောင်းမဲ့ မီးရှို့နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “မန္တလေးဘက်ကနေ လူစီးမော်တော် ၃ စီး၊ စပိဘုတ်တစီး၊ ရွာသာယာရွာက ပျူတွေက စက်လှေတစီး စုစုပေါင်း မော်တော် ၆ စီးနဲ့ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာပြီး ပထမ ကြက်တူရွေးရွာကို စက်လှေ ၅ စီးက အရင်ဝင်တယ်။ အဲ့ရွာက အိမ်တလုံးကို မီးရှို့ပြီး သဲအင်းရွာဘက်ကို စစ်ကြောင်းထိုးပြီး အခု နေ့ခင်း ၁၂ နာရီအထိ မီးရှို့နေတယ်။ တရွာလုံး ပြာကျလောက်ပါတယ်ဗျာ” လို့ ပြောပါတယ်။
အဆိုပါ သဲအင်းရွာကို ၂၀၂၂ ခုနှစ် ဇွန် ၂၄ ရက် ည ၈ နာရီက ပထမအကြိမ် မီးရှို့ခဲ့သလို အခု ၂၀၂၃ အောက်တိုဘာ ၁၉ ရက်နေ့မှာလည်း နောက်တကြိမ် ဝင်ရောက်မီးရှို့နေတာကြာင့် စုစုပေါင်း စစ်ကောင်စီတပ် မီးရှို့တာ ၂ ကြိမ်အထိ ရှိနေပြီဖြစ်ကာ သဲအင်းရွာဟာ အိမ်ခြေ ၈၀၀ နီးပါးခန့်ရှိတဲ့ ရွာတရွာလည်း ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝက်လက်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုကျားကြီးက “သဲအင်းရွာကို တရွာလုံး မနက် ၉ နာရီခွဲကနေ စမီးရှို့နေပြီး အခုလတ်တလော ၁၂ နာရီ ၃၃ မိနစ်မှာ မြစ်ကမ်းဘေးက ကြက်တူရွေးရွာနားက မြစ်ကမ်းကြီးရွာ၊ ဟင်္သာကြီးကျေးရွာက အိမ်တွေလည်း ထပ်ရှို့နေတယ်။ ဘာလို့မီးရှို့တာလဲတော့ မသိဘူးဗျာ။ မီးရှို့နေတာကတော့ ပက်ပက်စက်စက်ကို ရှို့နေတာပဲ။ တိုက်ပွဲကတော့ သူတို့ဝင်ကာစတုန်းကတော့ ပစ်သံခတ်သံတော့ ရှိတယ်။ ကာကွယ်ရေးဘက်က ပစ်တာလား၊ သူတို့ပစ်ဝင်တာလားတော့ မသိရသေးဘူး။ ပြည်သူတွေကတော့ အကုန် ရွာကနေ ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
အခုလို စစ်တပ်က ကျေးရွာတွေကို မီးရှို့နေဆဲဖြစ်တာကြောင့် မီးလောင်ဆုံးရှုံးတဲ့ အရေအတွက်ကို ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါ စစ်ကောင်စီမီးရှို့နေတဲ့ ကြက်တူရွေးရွာ၊ မြစ်ကမ်းကြီးရွာ၊ ဟင်္သာကြီးရွာဟာ သုံးရွာစပ် ရွာတန်းရှည်ကြီး ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။