ဂါဇာကမ်းမြောင်ကို အီဂျစ်အထောက်အပံ့ ကူညီမှုတွေကို အစ္စရေးက ရပ်တန့်မှာ မဟုတ်ပေမဲ့ ထောက်ပံ့ရေးပစ္စည်းတွေကိုတော့ အဲဒီနယ်မြေအတွင်းကို အစ္စရေးဘက်ခြမ်းကနေ ဝင်ခွင့်မပြုကြောင်း ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက အောက်တိုဘာ ၁၈ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ပြောကြားလိုက်ပါတယ်။
“လူသားချင်း စာနာထောက်ထားမှု ကပ်ဘေး” ဖြစ်တော့မယ်လို့ ကုလသတိပေးချက်နဲ့အတူ ဂါဇာမှာ အကျပ်အတည်းဖြေလျှော့ပေးဖို့ သမ္မတ ဘိုင်ဒင်က တောင်းဆိုခဲ့ပြီးနောက်မှာ အစ္စရေးက ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
သုံ့ပန်းတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အတွက် အချက် ၃ ချက်ကို ရှင်းလင်းထားကြောင်း၊ ပထမဦးဆုံးအချက်က အစ္စရေးကနေ ဖမ်းခေါ်သွားတဲ့ ဓားစာခံ သုံ့ပန်းတွေ ပြန်လာရေးဖြစ်ပြီး တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ သူတို့ပြန်လာဖို့ အတူတကွ လုပ်ဆောင်နေတယ်လို့ နေတန်ယာဟုက ပြောပါတယ်။
ဒုတိယအနေနဲ့ သူတို့ ပြန်ရောက်မလာမချင်း သုံ့ပန်းတွေဆီကို ကြက်ခြေနီတွေ သွားရောက်ပေးဖို့ တောင်းဆိုထားကြောင်းနဲ့ ဓားစာခံတွေကို ပြန်မလွှတ်ပေးသရွေ့ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဆီကနေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဆက်လက်ပိတ်ဆို့ထားမယ်လို့လည်း ပြောပါတယ်။
တတိယအချက်က အစ္စရေးပိုင်နက်ကနေ ဂါဇာကမ်းမြောင်အထိ အစားအသောက်နဲ့ ဆေးဝါးပုံစံမျိုးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ခွင့်မပြုဘူးလို့ နေတန်ယာဟုက ပြောသွားပါတယ်။
အစ္စရေးကနေ ကွဲထွက်ပြီး ဂါဇာကမ်းမြောင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တခုတည်းသော နိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံဟာ သူ့နိုင်ငံဘက်ခြမ်းမှာ အကူအညီပစ္စည်းတွေကို စုဆောင်းထားပေမဲ့ ဟားမတ်စ်နဲ့ စစ်ပွဲအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအကြားမှာ ကုန်တင်ကားတွေ ဖြတ်ကျော်သွားရောက်နိုင်ခြင်း မရှိသေးပါဘူး။
Source/Photo-Reuters