အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ဆုကြေးပေးမယ်ဆိုပြီး ဖမ်းဝရမ်းထုတ်ထားတဲ့ UWSA ‘ဝ’ အရာရှိနှစ်ယောက်ကို စစ်ကောင်စီဘက်ကလည်း ဉပဒေအရ အရေးယူဖို့ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း စစ်တပ်ပိုင်မီဒီယာက အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်တာ၊ လူပြန်ပေးဆွဲတာ၊ ခြောက်လှန့်တောင်းယူမှု ကျူးလွန်တာ၊ ကျူးလွန်ဖို့ အားထုတ်တာ၊ ကျူးလွန်သူတွေကို အားပေးကူညီတာကြောင့် ဥပဒေအရ အရေးယူဖို့ အောက်တိုဘာ ၁၇ ရက်နေ့က ဟိုပန်ခရိုင်တရားရုံးကနေ ဖမ်းဝရမ်းထုတ်လိုက်တာပါ။
သူတို့ ၂ ဦးကို ဖမ်းမိအောင် သတင်းပေး ကူညီသူကို တရုတ်ယွမ်ငွေ တသိန်းမှ ငါးသိန်းအထိ ပေးမယ်ဆိုပြီး တရုတ်ဘက်ကလည်း ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
ဖမ်းဝရမ်းထုတ်ထားသူနှစ်ဦးကတော့ ‘ဝ’ ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူတော်စပ်သူ ပေါက်အိုက်ပန်းနဲ့ ပေါက်ယူချန်းရဲ့ သားမက်ဟောင်းဖြစ်သူ အိုက်ဟော့တို့ ဖြစ်ကြပါတယ်။
သူတို့နှစ်ဦးကို UWSA ‘ဝ’ တပ်ဖွဲ့ကလည်း ရာထူးကနေ ထုတ်ပယ်ထားကြောင်း အောက်တိုဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။