Home
မြန်မာသတင်း
ဇမ္ဗူရာဇ်ရွှေဆိုင် ပိုင်ရှင်ကို သတ်ဖြတ်မှုသံသယဖြင့် လူ ၄ ဦး ဖမ်းဆီးခံရ
DVB
·
October 18, 2023
Gold-Shop-owner-murdered_18102023

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ညစျေးရှိ ဇမ္ဗူရာဇ် ရွှေဆိုင်ပိုင်ရှင်ကို သတ်ပြီး ရွှေတွေယူဆောင်သွားတဲ့ လုယက်၊ လူသတ်ကျူးလွန်ခဲ့မှု သံသယနဲ့ လေးဦးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၆ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကြည့်မြင်တိုင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇမ္ဗူရာဇ် ရွှေဆိုင်ပိုင်ရှင်ကို သတ်ပြီး ရွှေထည်တွေ လုယူသွားတဲ့သူတွေဟာ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ အုတ်ဖို ၂ ရပ်ကွက်၊ အတွင်းလမ်းမှာ နေထိုင်သူတွေဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်၊ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ပေါင်းတည်မြို့ ဒေသခံတဦးက ပြောပါတယ်။

“လေးယောက်လုံးကို ဖမ်းသွားတာ။ ရန်ကုန်က ဆင်းဖမ်းတာထင်တယ်။ သူတို့အိမ်မှာက နေ့တိုင်းလိုပဲ စစ်သားနဲ့ ရဲတွေ တရုန်းရုန်း ဝင်လိုက်ထွက်လိုက် လုပ်နေကြတာ။ သူတို့ပိုင်တယ်ထင်ပြီး ဘယ်မှမပြေးဘဲ ဒီအိမ်မှာ နေနေကြတာဖြစ်မှာပေါ့။”

လူသတ်မှုနဲ့ လုယက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူတွေမှာ နှင်းနုနုထွေး (ခ) ဘဲဥမ (ခ) ခရမ်းချဉ်သီး၊ ဝိုင်းချစ်၊ ချစ်ကို၊ ခိုင်ကိုကိုမောင်တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးရဲ့ ရု​ပ်အလောင်းကို အောက်တိုဘာ ၉ ရက် မနက် ၈ နာရီမှာ ထောက်ကြန့်လမ်းဆုံ ရန်ကုန်-ပဲခူးကားလမ်းမ ဇီးရိုးမိုင်မှာ လက်ထိပ်နောက်ပြန်ခတ်ပြီး ပါးစပ်မှာ တိတ်ပတ်ကာ စွန့်ပစ်ခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024