Home
မြန်မာသတင်း
မြိတ်မြို့တွင် စစ်ကောင်စီတပ်သားများက ဘုရားဖူးများထံမှ ခြိမ်းခြောက် ငွေတောင်း
DVB
·
October 18, 2023
Myeik Paw Taw Mu pagoda_18102023

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာမှာရှိတဲ့ ပေါ်တော်မူဘုရားမှာ စစ်ကောင်စီတပ်သားတွေက ဘုရားဖူးတွေဆီကနေ ငွေကြေး ခြိမ်းခြောက်တောင်းယူနေတယ်လို့ ဘုရားဖူးတွေဆီက သိရပါတယ်။

ငွေကြေးတောင်းခံရသူတဦးက “ဘုရားဖူးသွားတာ ဒီမှာရှိနေတဲ့ စစ်သားတွေက စစ်ဆေးစရာရှိတယ်ဆိုပြီး ဖုန်းတွေစစ်ဆေးတယ်။ ဆိုင်ကယ်လိုင်စင်တွေရော အကုန်စစ်တယ်။ အထောက်အထား အပြည့်အစုံ ပြတော့လည်း မရဘူး။ ပိုက်ဆံ တယောက် ကျပ် ၅၀,၀၀၀ တောင်းတယ်။ မပေးဘူးဆိုရင် ရုံးမှာလိုက်ရှင်းရမယ်လို့ ပြောတော့ ပေးလိုက်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ဘုရားဖူးတွေဆီမှာ ငွေကြေး ခြိမ်းခြောက်တောင်းယူမှုတွေ မကြာခဏ ပြုလုပ်လေ့ရှိပြီး အခုလိုမျိုး ငွေကြေးခြိမ်းခြောက်တောင်းယူမှုကြောင့် ဘုရားကို လာရောက်ဖူးမြော်သူ နည်းပါးကာ ဘုရားပရိဝုဏ်အတွင်း ဈေးရောင်းနေတဲ့ ဈေးသည်တွေလည်း အခက်အခဲဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံအမျိုးသမီးတဦးက “ပေါ်တော်မူဘုရားတောင်ခြေမှာ ကျမတို့သူငယ်ချင်းနှစ်ယောက် စကားပြောဖို့ဆိုပြီး သွားထိုင်တဲ့အချိန်မှာ စစ်သားသုံးယောက် သေနတ်ကိုင်ပြီး ရောက်လာတယ်။ ကျမတို့ကို သူတို့စခန်းချထားတဲ့နေရာ ခေါ်လာတယ်။ ပြီးတော့ သူတို့ထုတ်ပြန်ထားတဲ့အမိန့်ကို မလိုက်နာလို့ဆိုပြီး တယောက်ကို ၅၀,၀၀၀ တောင်းတယ်” လို့ ပြောပါတယ်။

“ကျမတို့ ကြုံရတဲ့အချိန်တုန်းက စစ်သားယူနီဖောင်းက ရေတပ်ဝတ်စုံနဲ့ပါ။ တချို့ကလည်း အရပ်ဝတ် ဝတ်ထားတဲ့သူတွေနဲ့ ကြုံရတဲ့တာလည်း ရှိတယ်။ အဲလိုမျိုး ငွေကြေးတောင်းခံရတာလည်း တခါတည်းမကတော့ဘူး။ ဘုရားဖူးတွေ တော်တော်များများ ကြုံရတယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပေါ်တော်မူဘုရားရဲ့ ဂေါပကရုံးခန်းထဲမှာ အင်အား ၁၀ ယောက်ကျော်နဲ့ စခန်းချနေထိုင်ပြီး ပေါ်တော်မူဘုရားတောင်ခြေရဲ့ ဂေါက်ကွင်းဧရိယာ ဝန်းကျင်မှာ လာရောက်ဂေါက်ရိုက်လေ့ရှိကြတဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ၊ စီးပွားရေးသမားတွေကို လုံခြုံရေးယူပေးနေရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024