ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်း KPDF အဖွဲ့က စစ်ကောင်စီ စခန်းချထားတဲ့ ငါးဘတ်ကြီးစစ်တပ်ကုန်း ဒေသအခေါ် တာဝါတိုင်စခန်းကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက် ၅ နာရီလောက်က တိုက်ပွဲစဖြစ်တာ။ တာဝါတိုင်စောင့်တဲ့ ခမရ ၆၀၂ တပ်ကို KIA က ဝင်တိုက်တာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ငါးဘတ်ကြီးရွာနဲ့ အနီးနားက လူတွေလည်း ပြေးနေရတယ်။ ခုအချိန်ထိလည်း ရွှေကူဘက်ကနေ လက်နက်ကြီးနဲ့ ပစ်နေတုန်းပဲ” လို့ ပြောပါတယ်။
KIA/PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် ရွှေကူမြို့မှာရှိတဲ့ ခလရ ၅၆ တပ်ကနေ လက်နက်ကြီးနဲ့ ငါးဘတ်ကြီးကျးရွာဘက်ကို ပစ်ခတ်မှုတွေ ပြုလုပ်နေပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ငါးဘတ်ကြီးကျေးရွာဘက်ကို ပစ်ခတ်နေတဲ့အတွက် ငါးဘတ်ကြီးကျေးရွာ အပါအဝင် မြိုင်သာကျေးရွာ၊ ပန်းတင်ကျေးရွာ၊ လမ်းကူးကျေးရွာက ဒေသခံပြည်သူ ၂,၀၀၀ နီးပါးဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KPDF တို့ တိုက်ပွဲဖြစ်ပွားရာမှာ နှစ်ဖက် ထိခိုက် ကျဆုံးမှုတွေကိုတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာ မရှိသေးပါဘူး။