မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီ-ဂန့်ဂေါ လမ်းမကြီးပေါ်မှာ YRA ထီးလင်း ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တဲ့ စစ်တပ်ထုတ်ကုန် မြန်မာဘီယာတွေကို ဖျက်ဆီးခဲ့တယ်လို့ YRA ထံက သိရပါတယ်။
အောက်တိုဘာ ၁၈ ရက် ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ YRA ထီးလင်း ပူးပေါင်းရဲဘော်တွေက ကုန်တင်ကားတစီးကို ရှောင်တခင် စစ်ဆေးဆောင်ရွက်စဉ် စစ်တပ်ထုတ်ကုန် မြန်မာဘီယာတွေနဲ့ စားသောက်ကုန်တွေ အများအပြား သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
YRA ထီးလင်း တာဝန်ခံ သခင်ဇော်က “ကျနော်တို့တပ်ဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့တာပါ။ ကျနော်တို့ မြန်မာဘီယာ ၁၅ ဖာကိုတော့ ကားနဲ့နင်းပြီး ဖျက်ဆီးခဲ့တယ်။ ကျန်တဲ့ စစ်တပ်ထုတ်ကုန် အချိုရည်တွေ၊ စားသောက်ကုန်တွေကိုတော့ ပြန်ပေးခဲ့တယ်” လို့ ပြောပါတယ်။
ကုန်တင်ယာဉ်မောင်းနှင်လိုက်ပါလာတဲ့ ဒရိုင်ဘာ၊ စပယ်ယာနဲ့ ကားပိုင်ရှင်တို့ကို သာမန် စစ်ကောင်စီစားသောက်ကုန်တွေကို ပြန်လည်ပေးအပ်ခဲ့ပြီး စစ်ကောင်စီထုတ်ကုန်တွေကို နောက်နောင် သယ်ယူတင်ဆောင်လာခြင်း မပြုလုပ်ဖို့ သတိပေး ပြောဆိုခဲ့ကာ ပြန်လည်သွားလာခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။
ရေမျက်နီ-ဂန့်ဂေါ လမ်းမပေါ်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေက နယ်မြေစိုးမိုးရေးအရ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှု ရှိ/မရှိနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ရှိ/မရှိ စစ်ဆေးမှုတွေကို စစ်ဆေးဆောင်ရွက်နေပါတယ်။
ဓာတ်ပုံ-YRAထီးလင်း