ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ အောက်တိုဘာ ၁၇ ရက်က ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ အမျိုးသားဟာ ဘောလုံးပွဲတခုမှာ ဆွီဒင်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမား ဖြစ်တယ်လို့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေက အတည်ပြုပါတယ်။
ဘရပ်ဆဲလ်မြို့တော်မှာ ရဲတွေဟာ လမ်းမတွေဆီ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ထားပြီး တိုက်ခန်းအပြင်ဘက်တွေမှာ ရပ်စောင့်နေကြပါတယ်။
အသက် ၄၅ နှစ်အရွယ် သေနတ်သမားဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက ဘယ်လ်ဂျီယံမှာ ခိုလှုံခွင့်တောင်းခံခဲ့ပြီး လက်ရှိမှာ တရားမဝင်နေထိုင်တဲ့ တူနီးရှားနွယ်ဖွားဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
သေနတ်သမားဟာ မနေ့ညနေပိုင်းက ဆိုရှယ်မီဒီယာမှာ မက်ဆေ့ချ်တခု တင်ခဲ့တာမှာ သူ့ကိုယ်သူ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ အမည်နဲ့ ဟန်ဆောင်ပြီးတော့ ဆွီဒင်နိုင်ငံသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်သူတွေဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ အကြောက်တရား၊ မယုံကြည်မှုနဲ့ ကွဲလွဲခြားနားမှုတွေကို မျိုးစေ့ချလိုကြကြောင်းနဲ့ အကြမ်းဖက်သမားတွေဟာ ဒီမစ်ရှင်မှာ လုံးဝအောင်မြင်မှာ မဟုတ်ဘူး ဆိုတာကို နားလည်ထားရမယ်လို့ ဘယ်လ်ဂျီယံဝန်ကြီးချုပ်က ပြောသွားပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံဟာ ယူရို ၂၀၂၄ ဘောလုံးပွဲ ခြေစစ်ပွဲ အိမ်ရှင်အဖြစ် အောက်တိုဘာ ၁၆ ရက် ညနေက ဆွီဒင်နဲ့ ကျင်းပနေစဉ် အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ပွဲချိန်တဝက်မှာပဲ ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှာ မြို့တော်ရဲ့ လုံခြုံရေးသတိပေးချက်ကို အမြင့်ဆုံးအဆင့်ကို မြှင့်တင်ခဲ့ပြီး အထူးသဖြင့် ဆွီဒင်လူမျိုးတွေနဲ့ အဖွဲ့အစည်းတွေအတွက် ရဲတပ်ဖွဲ့ဝင်အင်အား တိုးချထားပါတယ်။ ပြည်သူတွေ အထူးသတိထားကြဖို့နဲ့ မလိုအပ်ဘဲ ခရီးသွားလာတာကို ရှောင်ကြဉ်ကြဖို့ သတိပေးထားပါတယ်။
Source/Photo-Reuters