ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ နေထိုင်ခွင့်သက်တမ်းကျော်ခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ဦးကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
လူဝင်ကြီးကြပ်ရေး စုံစမ်းရေးအရာရှိတွေနဲ့ အထူးစစ်သားတွေက သောင်ရင်းမြစ်ကမ်းနားမှာ အောက်တိုဘာ ၁၇ ရက် မနက် ၆ နာရီခွဲက သက်တမ်း ၄၈ ရက် ပိုနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသားတဦး၊ သက်တမ်း ၄၁ ရက် ပိုနေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးနဲ့ သက်တမ်း ၂၁၅ ရက် ပိုနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသားတဦး စုစုပေါင်း ၃ ဦး ဖမ်းဆီးခဲ့ပါတယ်။
မနက် ၇ နာရီကလည်း မဲဆောက်မြို့ ဘန်ဟိုင်းဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ နေထိုင်ခွင့်သက်တမ်း ၃၅ ရက်ကျော်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်တားဆီးနှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
သောင်ရင်းမြစ်ကမ်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို မဲဆောက်မြို့မရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ဘန်ဟိုင်းဟင်ဖန် စစ်ဆေးရေးဂိတ်မှာမိတဲ့ မြန်မာနိုင်ငံသား တဦးကိုတော့ အမှတ် ၇ ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာလမှာ ကြေညာခဲ့ပြိီးနောက် တလအတွင်း မြန်မာနိုင်ငံသား အယောက် ၆၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။