တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မုန်လိုင်ခက် ကချင်ပြည်သူလူထုနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့ သွေးစည်းညီညွတ်ရေး လူထုချီတက်ပွဲကို ကလေးမြို့ ပင်မသပိတ်က ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းက ကလေးမြို့နယ် တနေရာမှာ ကျေးရွာသူ ရွာသားတွေ၊ ပင်မသပိတ်အဖွဲ့ဝင်တွေ၊ ကျောင်းသူကျောင်းသားတွေနဲ့အတူ မုန်လိုင်ခက်က စစ်ရှောင်တွေနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့ ပင်မသပိတ်အင်အားစုအဖွဲ့ဝင်တဦးက “မုန်လိုင်ခက်က စစ်ဘေးရှောင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ကျမတို့ ကလေးသူ ကလေးသားတွေကလည်း ကချင်လူထုနဲ့အတူ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ လူထုချီတက်ပွဲမှာ “မုန်လိုင်ခက်နှင့်အတူ ရပ်တည်ကြ”၊ “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ” စတဲ့ဘန်နာစာရွက်တွေကိုင်ကာ ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဧပြီ ၁၆ ရက်က ကလေးမြို့ ပင်မသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း ရက်ပေါင်း ၈၀၀ ကျော် ပျက်ရက်မရှိ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြတဲ့ ပင်မသပိတ်ကို ရပ်နားထားရာကနေ အခုအခါ တကြော့ပြန် ကလေးမြို့ လူထုသပိတ်ကို ပြန်လည်စတင်လာခဲ့တာပါ။
မိဘပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်ကာ” တော်လှန်ရေးမီးစာ အမြင့်ဆုံးကို မြှင့်တင်ကာ ကျရာကဏ္ဍ အသီးသီးမှ ပါဝင် တိုက်ပွဲဝင်ပေးကြဖို့ ကလေးမြို့ ပင်မသပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ-ကလေးမြို့ပင်မသပိတ်အင်အားစု