ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမ၊ ရာသက်ပန်မှတ်တိုင်အနီးမှာ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက လူနာတင်ယာဉ် အပါအဝင် ကား ၄ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒညင်းကုန်းဘက်ကနေ ကုန်းအဆင်းအတိုင်း မောင်းနှင်လာတဲ့ ဘိလပ်မြေတင်တွဲကားဟာ ဘရိတ်ပေါက်ပြီး မျက်နှာချင်းဆိုင်လမ်းဘက်ကလာတဲ့ Alphard အမျိုးအစား လူနာတင်ယာဉ်ကို တိုက်မိကာ SUV အိမ်စီးကား ၁ စီး၊ Suzuki အိမ်စီးကား ၁ စီးတို့ကိုပါ ထပ်မံတိုက်မိခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုအရှိန်ကြောင့် တွဲကားနဲ့ အိမ်စီးကား ၂ စီးစလုံးဟာ Ht-Lt လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ထဲ ဝင်ရောက်သွားခဲ့ပြီး ပရဟိတကား ညာအရှေ့ဘက်၊ ဘယ်အနောက်ဘက် ပျက်စီး၊ တွဲကား ခေါင်းခန်းပျက်စီးသွားကာ အိမ်စီးကားတွေမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် လျှပ်စစ်ဆိုင်မျက်နှာစာနဲ့ တံခါးတွေ ပျက်စီးသွားပါတယ်။
ပုလဲအရန်မီးသတ် တာဝန်ရှိသူတဦးက “တွဲကားက အင်းစိန်ဘက်ကနေ လာတာ၊ ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်တာပါ။ လူနာတင်ယာဉ် ၁ စီးနဲ့ အိမ်ကား ၂ စီးပါ၊ ကားတွေက ဘေးတွေ ရှေ့တွေ ခေါင်းခန်းတွေ ထိသွားတယ်၊ လူနာတော့ မရှိပါဘူး” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုနေရာကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရှေ့ပြေးကူညီမှုယာဉ် ၂ စီး၊ လူနာတင်ယာဉ် ၃ စီး၊ တပ်ဖွဲ့ဝင် ၃၅ ဦးတို့နဲ့ မြို့ခံကယ်ဆယ်ရေး အသင်းတွေ လာရောက်ကယ်ဆယ်ခဲ့ကြပြီး ပရဟိတယာဉ်မောင်းမှာ ရင်ဘတ်အောင့် ထိခိုက်မှု အနည်းငယ်ရရှိခဲ့ကာ အိမ်စီးကားနဲ့ တွဲကားပေါ်ပါသူတွေ ထိခိုက်မှု မရှိပါဘူး။
ယာဉ်တိုက်မှုအတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေကို သက်ဆိုင်ရာအဖွဲ့တွေက တွက်ချက်နေဆဲ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၆ ရက် ညပိုင်းကလည်း အင်းစိန်မြို့နယ်မှာ ပရဟိတအသင်းယာဉ် မတော်တဆမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။