အောက်တိုဘာ ၁၅ ရက်က စတင်ပြီး ကျင်းပနေတဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲ ဖြစ်မြောက်ဖို့ အတွက် စစ်ကောင်စီက ဖိအားပေးနေရာမှာ ဘုရားဒေသစာရီကြွချီမယ့် နေရာ ၂၁ ဌာနကို ကျပ် ၂၁ သိန်းစီပေးပြီး ယတြာချေနေတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဘုရားဖောင်တော်ဆွဲဖို့ ဆွဲလှေရှိတဲ့ ရွာတွေကို မလာမနေရ ဖိအားပေးနေသလို ဘုရားဒေသစာရီကြွတဲ့ ရွာတွေကို တရွာ ကျပ် ၂၁ သိန်းပေးပြီး ကျင်းပခိုင်းနေတယ်လို့သိရပါတယ်၊
အင်းလေးအမျိုးသမီး သမဂ္ဂရဲ့ တာဝန်ရှိသူက “ဒီနှစ်ဘုရားပွဲစည်လားဆိုရင်တော့ ခါတိုင်းနှစ်တွေလောက် မစည်ဘူးလို့ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ခါတိုင်း နှစ်ဘုရားကြွရင် ဆွဲလှေအစီးပေါင်း ၄၀ ကျော်တယ်ပေါ့နော် ဒါပေမဲ့ ဒီနှစ်ကျတော့ ၂၆ လောက်ပဲ ရှိတယ်လို့ ကြားရတာပေါ့နော်။ ပြီးတော့ တချို့ရွာက ဆွဲလှေတွေဆိုရင် သူတို့ အသိစိတ်ဓာတ်နဲ့ သူတို့ မထွက်ဘဲ နေနေတာလည်း ရှိတယ်ပေါ့၊ အင်းလေးဖောင်တော်ဦးဘုရားပွဲက စကစကနေ အတင်းဖိအားပေး ခိုင်းစေတာ ဖြစ်သလို အခုဆိုရင် လည်း ဘုရားကြွတဲ့ရွာတွေကို ပိုက်ဆံ ၂၁ သိန်းပေးတယ်လို့ သိရတာပေါ့နော်၊။ ၂၁ ဌာနကို ၂၁ သိန်းစီပေးတာက စကစရဲ့ ယတြာလုပ်တဲ့သဘောလည်းဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အင်းတိန်ကြေးပေါ်ခုံ၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစား၊ ပွဲးစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်တောင်ကျောင်း၊ မကျည်းဆိပ်၊ မိုင်းပျိုး၊ ကျိုင်းခန့်၊ နောင်တော၊ အင်းပေါခုံ၊ ရေဆာစတဲ့ ၂၁ ဌာနမှာ ဘုရားကြွချီ စံတော်မူမှာပါတယ်။
စစ်ကောင်စီက ဘုရားပွဲ မဖြစ်ဖြစ်အောင် ပြုလုပ်နေပေမယ့် ပြည်သူတွေ ရဲ့ လုံခြုံရေးအတွက် ပွဲပျက်အောင် ဘယ်လိုနည်းလမ်းနဲ့မှ လုပ်မှာမဟုတ်ဘူးလို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF- ၁၀၀၉ တပ်ရင်း က ရဲဘော် တစ်ယောက်က ပြောပါတယ်၊
“ဘုရားဆွဲလှေကို အမျိုးသားတွေဆွဲတဲ့ ဘုရားဆွဲလှေပေါ်မှာ အင်အားအပြည့်အစုံနဲ့ ဆိုတာ မရှိပါဘူး။ အနောက်ခြမ်းတခြမ်းလုံးလုံးဝအပြောင်ဆိုတာ တွေ့ရပါတယ်။ ဒါသည်ပြည်သူလူထုက မပါဝင်ချင်ဘဲဆင်နွဲနေရတဲ့ပွဲဆိုတာ အတိအလင်းမြင်သာပါတယ်။ ကျနော်တို့သည် ဒါ ဘာသာရေးပွဲဖြစ်တဲ့အတွက် တစုံတရာ ဟန့်တားဖောက်ခွဲခြင်းလုပ်မှာ မဟုတ်ဘူးဆိုတာ ကျနော့်အနေနဲ့ တာဝန်ယူ အတိအလင်းပြောနိုင်ပါတယ်။ စကစ PNO အင်အားပူးပေါင်းပြီးမှ အင်းလေး အရှေ့ကမ်းနဲ့ အနောက်ကမ်း အားလုံးပေါင်းပြီး အင်အား တစ်ထောင်ကျော် ချထားတယ်လို့ သိရပါတယ်။ ဒီလောက်ပွဲလေးကို အင်အားဒီလောက်လုပ်တယ်ဆိုတာ သူတို့ တအားကြောက်တယ်၊ ကြောက်လည်းကြောက်တယ် လုပ်လည်း လုပ်တယ်ပေါ့နော်”လို့ ပြောပါတယ်။
ပြီးခဲ့ရက်ပိုင်းတုန်းကလည်း အင်းလေးကန်အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ရှိတဲ့ ရွာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
စစ်ကောင်စီက ဘုရားပွဲမှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါး အရက်ဘီယာမသောက်စားဖို့ စာထုတ်ထားပေမယ့် ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ငွေကြေးလက်ခံပီး လောင်းကစားဝိုင်း တွေ ပြုလုပ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်၊
အင်းလေးဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက ပွဲတော် မဖြစ်မြောက်ဖို့အတွက် နှိုးဆော်တာတွေ ရှိသလို အင်းလေးဒေသက စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူတွေပိုင်ဆိုင်တဲ့ ဟိုတယ်တွေမှာ မတည်းခိုကြဖို့ကိုလည်း တိုက်တွန်းနေကြပါတယ်။
အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို အောက်တိုဘာ ၁၅ ရက်ကစပြီး နိုဝင်ဘာ ၁ ရက်ထိ ၂၆ ရက်တိုင် ကျင်းပနေတာ ဖြစ်ပါတယ်။
ဝေဝေ