ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိန်ဝမ်းမြို့မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ လက်နက်သယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို MNDAA က အောက်တိုဘာ ၁၄ ရက်မှာ ဖမ်းဆီးရမိလိုက်တယ်လို့ The Kokang ကိုးကန့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ကိုးကန့်ဒေသ၊ ရှိန်ဝမ်းမြို့နယ်၊ ရှိန်ဟွမြို့၊ အထက်မိုင်းလားကျေးရွာထဲမှာ MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကာ စခန်းသိမ်းပိုက်ခံရခဲ့ပြီးနောက် ထွက်ပြေးလာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးရမိလိုက်တာပါ။
ဖမ်းဆီးရမိတဲ့တပ်သားကို စစ်ဆေးရာ အောက်တိုဘာ ၁၄ ရက် တိုက်ပွဲတွေ မဖြစ်ပွားခင်မှာ စစ်ကောင်စီတပ်ရင်းမှူးက မူးယစ်ဆေးဝါးတွေ သယ်ဆောင်ဖို့ ခွဲဝေပေးခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဥ်မှာ အဆိုပါတပ်သားက ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့အတူ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (ဘီအေ-၁၀၀) အမျိုးအစား မော်တာတလက်၊ စိတ်ကြွရူးသွပ်ဆေးပြား အလုံး ၂၀၀ ပါဝင်တဲ့ အထုပ်ငယ် ၃၀ ထုပ်၊ လက်ကိုင်ဖုန်း ၁လုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ တပ်ရင်း ၃၃၅ ကဖြစ်ပြီး ကိုယ်ပိုင်နံပါတ် အသေးစိတ်ကိုတော့ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။
အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်းကတည်းက ကိုးကန့်ဒေသမှာ MNDAA နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဘက်က အသေအဆုံး များပြားခဲ့ပါတယ်။
ဒါ့အပြင် MA-1 မောင်းပြန်ရိုင်ဖယ် ၄ လက်၊ MA-3 ချေမှုန်းရေးရိုင်ဖယ် ၅ လက်၊ MA-4 ဗုံးပစ်လောင်ချာတွဲ ၁ လက်နဲ့ MA-7 ၆၀ မမ လက်နက်ကြီး အပါအဝင် ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဓာတ်ပုံ - ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားနှင့် အောက်တိုဘာ ၁၅ ရက်က စစ်ကောင်စီဘက်မှ သိမ်းဆည်းရမိသည့် ခဲယမ်းများ