ဂါဇာကမ်းမြောင်ဆီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံကို ဖွင့်လှစ်ဖို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုးက အောက်တိုဘာ ၁၆ ရက်မှာ တောင်းဆိုလိုက်ပြီး လူပေါင်း ၂ ဒသမ ၃ သန်း နေထိုင်ရာ ကမ်းမြောင်ဒေသမှာ ပိုမိုဆိုးရွားလာတဲ့ သေရေးရှင်ရေး အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့က အရေးပေါ်အကူအညီ လိုအပ်နေပြီလို့လည်း ပြောကြားလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို သံတမန်ရေးအရ ကြိုးပမ်းအားထုတ်မှု မအောင်မမြင် ဖြစ်ရပြီးနောက်မှာ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးမှ မှတ်ချက်ပေးခဲ့တာပါ။
လူပေါင်း ၁,၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လုံးဝပိတ်ဆို့ထားပြီး မကြုံစဘူး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရှိန်မြှင့် တိုက်ခိုက်နေတာဖြစ်ပါတယ်။
ကနေဒါဟာ နိုင်ငံတကာဥပဒေနဲ့အညီ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို အပြည့်အဝ ထောက်ခံကြောင်း ထရူးဒိုးက ပါလီမန်အောက်လွှတ်တော်ကို ပြောကြားခဲ့ပြီး တခြားနေရာတွေလိုပဲ ဂါဇာမှာလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို အားလုံးက လိုက်နာရမှာပါလို့ ထပ်လောင်းပြောကြားသွားပါတယ်။
အစောပိုင်းတုန်းက အော်တဝါအစိုးရဟာ ဒေသတွင်း လုံခြုံရေးအန္တရာယ်တွေ မြင့်မားလာတာကြောင့် ကနေဒါနိုင်ငံသားတွေအနေနဲ့ လက်ဘနွန်ကနေ ထွက်ခွာဖို့ စဉ်းစားသင့်ကြောင်း ပြောထားပါတယ်။
ကနေဒါနိုင်ငံဟာ အစ္စရေးကနေ ထွက်ခွာဖို့ အကူအညီလိုအပ်နေသူတွေကို စစ်လေယာဉ် ၂ စင်း အသုံးပြုပြီး လေကြောင်း ပို့ဆောင်ပေးနေပါတယ်။
ကနေဒါနိုင်ငံသား ပထမအုပ်စုဟာ အနောက်ဘက်ကမ်းကနေ ဂျော်ဒန်နိုင်ငံကို ဘေးကင်းကင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသမှာ ကနေဒါနိုင်ငံသား ၃၀၀ လောက်ဟာ ရာဖာနယ်စပ်ကို ဖြတ်ကျော်ပြီးတော့ အီဂျစ်နိုင်ငံကို ထွက်လာနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အစ္စရေးကို ဟားမတ်စ် တိုက်ခိုက်မှုအတွင်း ကနေဒါနိုင်ငံသား ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
Source/Photo-Reuters