စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က သတ်ဖြတ်ထားတဲ့ သဲကုန်းရွာသား ၆ ဦးရဲ့ အလောင်းတွေကို အောက်တိုဘာ ၁၆ ရက် မနက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံပြည်သူတွေ ရှင်းလင်းရေးလုပ်ရင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ်အတွင်းကနေ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးရင်း အခုလို အရပ်သားပြည်သူတွေကို သတ်ထားခဲ့တာလို့ ဆိုပါတယ်။
BNRA အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ တကိုယ်တော် သုဘရာဇာက “ဒီနေ့မနက်ခင်း သူတို့ စစ်ကြောင်းထွက်သွားပြီး ရွာထဲပြန်ဝင်ကြည့်တဲ့အခါ ရွာအဝင်ပေါက်မှာ ၆ ဦးစလုံးကို ရိုက်သတ်သွားတယ်။ သတ်တာက ရှားသားကို အသေချာ တင်းပုတ်လုပ်ပြီး ဦးခေါင်းတွေကို ရိုက်သတ်ထားခဲ့တာ။ သတ်သွားတဲ့ ၆ ဦးထဲက အသက် ၁၇ နှစ်လောက်ရှိတဲ့ ယောကျ်ားလေးက ၃ ဦး၊ အသက် ၃၅ နှစ်အထက် ၃ ဦး၊ စုစုပေါင်း ၆ ဦးကို သတ်ထားခဲ့ကြတာ။ မပြေးနိုင်လို့ ဘုန်းကြီးကျောင်းထဲမှာ ပုန်းနေတဲ့ ကလေးအမေတွေဆီက နားမှာဝတ်ထားတဲ့ နားကပ်တွေပါ အကုန်ဖြုတ်ယူသွားကြတယ်” လို့ ပြောပါတယ်။
အခု သေဆုံးတဲ့ ၆ ဦးစလုံးဟာ အပြစ်မဲ့ သဲကုန်းရွာသားတွေဖြစ်ပြီး စစ်ကောင်စီတပ်က သဲကုန်းရွာအတွင်းက ပြည်သူတွေရဲ့ ဆန်၊ ဆီနဲ့ စားနပ်ရိက္ခာတွေကိုလည်း မြေပြင်မှာ ဖြန့်ကြဲထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကလည်း စစ်ကောင်စီတပ်က ယင်းမာပင်မြို့နယ်က လည်ငေါက်ရွာသား ၄ ဦးကို မြောက်ယမားချောင်း တံတားပေါ်ကနေ လည်လှီးသတ်ကာ ယမားချောင်းထဲ ပစ်ချခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့၊ ပေကုန်းကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင်အချိန် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်ထဲက ချောင်းခြားကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် အနီးနားရှိ ကျေးရွာ ၆ ရွာက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “၁၅ ရက်နေ့ မနက် ၈ နာရီလောက်မှာ ချောင်းခြားရွာကို ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကန့်ဘလူခရိုင် PDF တပ်ရင်းတွေနဲ့၊ ဒေသခံတော်လှန်ရေးအင်အားစုတွေသွားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်။ (စခ..)တွေ တိုက်မိုင်း၊ ဆွဲမိုင်းတွေထိပြီး သေကြတယ်လို့ နီးစပ်သူတွေက ပြောတယ်။ ဘယ်နှယောက် သေတယ်ဆိုတာတော့ အတိအကျမသိရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ချောင်းခြားရွာကနေ ဖလားရရွာဘက်ကို ဦးတည်ထွက်ခွာပြီး ဖလားရရွာမှာ ခေတ္တယာယီစခန်းချခဲ့ကြောင်း၊ ၁၆ ရက်နေ့မနက် ၆ နာရီခွဲလောက်မှာ ပင့်သာကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပင့်သာရွာကနေ မြောက်ဘက်ကို ဦးတည်ထွက်ခွာသွားကြတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဒေသခံ ရွာသားတဦးက “ဖလားရရွာရောက်တော့လည်း တိုက်ပွဲထပ်ဖြစ်တယ်။ အောက်တိုဘာ ၁၆ ရက်နေ့မှာလည်း မနက် ၆ နာရီလောက်ကနေ ၁၂ နာရီ ထိုးချိန်ထိ တိုက်ပွဲတွေဖြစ်နေကြတယ်” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီစစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ရှမ်းကုန်း၊ ပင့်သာ၊ မကျီးကုန်း ရွာပေါင်း ၆ ရွာက ပြည်သူတွေ စစ်ဘေးလွတ်ရာ ထွက်ပြေး ပုန်းရှောင်နေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။