Home
မြန်မာသတင်း
ကျိုက်ထိုတွင် BGF ဗိုလ် ၁ ဦး ပစ်သတ်ခံရ
DVB
·
October 16, 2023
Kyaik Hto

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာမှာ နေထိုင်သူ BGF ဗိုလ် အောင်မျိုးလွင် (ခ) စောနန်းဦးကို အောက်တိုဘာ ၁၅ ရက် ညနေက သေနတ်နဲ့ ပစ်သတ်ခံရလို့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသက် ၆၂ နှစ်အရွယ် BGF ဗိုလ် အောင်မျိုးလွင် (ခ) စောနန်းဦးဟာ အင်္ဂဘိုကျေးရွာကို သွားရောက်ချိန်မှာ အမည်မသိ လူတစုရဲ့ ပစ်သတ်ခံခဲ့ရလို့ ကျောနောက်ကျည်ဖောက်ဝင် ဒဏ်ရာ ၃ ချက်၊ ခါးဝဲဘက် ကျည်ဖောက်ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မြို့ခံတဦးက “သူအလင်းဝင်တုန်းက စစ်ကောင်စီဘက်က သူ့ကို အများကြီး ထောက်ပံ့ထားပါတယ်။ အခု ကျိုက်ထိုမှာ နာမည်ကြီးတဲ့ ရွှေ KTV ပိုင်ရှင်ပေါ့။ သူ့ဆိုင်မှာ UG တချို့ ပစ်သတ်ခံရပြီး ဖမ်းခံရတာ” လို့ ပြောပါတယ်။

သေဆုံးသူကို ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့ပြီး အလောင်းထုတ်ယူခွင့် မရသေးဘူးလို့လည်း နီးစပ်သူတွေထံက သိရပါတယ်။

သေဆုံးသူဟာ ၂၀၁၁ ခုနှစ်က KNU/KNLA (PC) အဖွဲ့ကနေ လက်နက်ငယ်တွေနဲ့ ခလရ ၉၆ မှာ အလင်းဝင်ခဲ့ပြီး အေးဆေးနေထိုင်သူဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ကလည်း BGF တပ်ဖွဲ့ဝင် ဗိုလ်ဝင်းစိုးကို ကျိုက်ထိုတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကျိုက်ထိုမြို့ရှိ ကော့ထင်းကျေးရွာနဲ့ ဘိုရားကြီးကျေးရွာအကြားမှာ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024