(က)
“သူတို့က ‘မဟုတ်ဘူး’ ဆိုရင် ‘ဟုတ်တယ်’၊ သူတို့က ‘ဟုတ်တယ်’ ဆိုရင် ‘မဟုတ်ဘူး’ ကွ၊ မှတ်ထားကြ”
“မင်းဟာက ဘာတွေလဲ မူးသာရာ”
အဘစောမူးသာ စကားကို ကျန်သူအများ နားလည်သော်ငြား စိမ်းသရဖူစိမ်း အဘ စိမ်းမောင်ကား နဝေတိမ်တောင်ပါ ခင်ဗျ။
“ငါပြောတာ ရှင်းရှင်းလေးလေကွာ”
“ငါတော့ နားမလည်ဘူး”
သို့ဖြင့် ရှင်းပြရတော့၏။ မအလတွေနှုတ်က ‘မဟုတ်ဘူး’ လို့ငြင်းရင် ‘ဟုတ်တယ်’ ဟု အတိအကျ ဘာသာပြန်၍ရကြောင်း သမိုင်းကြောင်းနှင့်ချီ၍ ပြောပြရပါလေ၏။
ယခုလည်း ကချင်ပြည်နယ် လိုင်ဇာမြို့နားက ‘မုန်လိုင်ခက်’ စစ်ရှောင်စခန်းကို မအလတွေက ညကြီးသန်းခေါင်အချိန် လက်နက်ကြီးတွေနဲ့ထု၊ ဒရုန်းတွေနဲ့ ပြင်းအားမြင့် ဗုံးမိုးတွေရွာလို့ စစ်ဘေးရှောင်နေကြရရှာတဲ့ ကလေးငယ်လေးတွေ အပါအဝင် လူတွေ အမြောက်အမြား သေဆုံးကာ ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံရောက်တဲ့သူတွေလည်း အမြောက်အမြား မဟုတ်လား။
“အဲဒီလို မတရားလုပ်ပြီးမှ ‘ကျနော်တို့မဟုတ်ပါဘူး’ ဆိုပြီး မျက်နှာပြောင်တိုက် ဗြောင်လိမ်နေပြန်ပြီလေကွာ”
“ဒါကတော့ ‘ဇော်မဲလိမ်’ တို့ တာဝန်ပဲဟ”
“ဝါး . . . ဟား ဟား ဟား ဟား ဟား”
အဘစောမူးသာတို့၊ စစ်ပြန်ကြီး အဘလုံးတုံးတို့၊ အဘရစ်ချတ်တို့၊ ဖေကြီးတို့တွေ ထရယ်နေချိန်မှာ အဘစိမ်းမောင်ကား မျက်နှာထားတည်တည်ကြီးနှင့် ဖြစ်ပါလေ၏။ သူကား တခုခု ပြန်ပြောချင်နေပုံပါလေ။ ဟုတ်၏။
“အဲဒါ ဒီဘက်ကလုပ်တာ မဟုတ်ဘူးကွ၊ သူတို့ရဲ့ ယမ်းသိုလှောင်ရုံတွေ မတော်တဆ ပေါက်ကွဲတာတဲ့ကွ”
“ဝါး . . . ဟား ဟား ဟား ဟား ဟား”
“မြဝတီမှာ ကြေညာသွားတယ်လေကွာ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
“အဲ့ဒါပဲစိမ်းမောင်ရ . . မင်းတို့ကိုးကွယ်နေတဲ့ မအလတွေက ‘မဟုတ်ဘူး’ ဆိုရင် ‘ဟုတ်တယ်’ သာ မှတ်ပေတော့”
“ဝါး . . . ဟား ဟား ဟား ဟား ဟား”
(ခ)
“တခြားမကြည့်နဲ့လေကွာ… လောလောလတ်လတ်ဖြစ်နေတဲ့ မအလတွေရဲ့ ဇာတ်တူသားစားပြီး ဟင်္သာကိုးသောင်းပျက်တော့မယ့် ဇာတ်ကိုပဲ ကြည့်”
“ဘာ ဇာတ်တူသားစားတာလဲ”
“ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ ဘာတို့ ကိစ္စတွေလေကွာ”
“ဘာတွေဖြစ်နေလို့လဲ”
“မအလနေရာကို ဆက်ခံမယ်လို့ နာမည်ကြီးနေတဲ့ အဲသည် မိုးမြင့်ထွန်းဆိုတဲ့ ကောင်ကို ‘ဖမ်းထားပြီ’ လို့ သတင်းတွေ ထွက်တုန်းကလည်း ဟိုကောင် ဇော်မဲလိမ်က ‘မဟုတ်ပါဘူး၊ မဟုတ်ပါဘူး’ လို့ လိမ်ခဲ့သေးတယ်လေကွာ”
“အဲ . . . . . .”
“အခုလည်းကျရော သူတို့ ဗြောင်လိမ်ဗြောင်စား မြဝတီအတင်းဌာနကပဲ ‘ဟုတ်ပါတယ်၊ ဟုတ်ပါတယ်’ လို့ အရေးယူရတဲ့ အကြောင်းအချက်တွေနဲ့ ပိုပိုသာသာ ဝေဝေဆာဆာကို ကြေညာနေပြန်ပြီလေကွာ”
“ဝါး . . . ဟား ဟား ဟား ဟား ဟား”
အားလုံးက ပေါ့ပေါ့ပါးပါး ရယ်ချသွားချိန်မှာ အဘစိမ်းမောင်ကား စူပုပ်ပုပ်ဖြစ်နေပြီးသကာလ တခုခု ပြန်လည်ချေပဖို့ အပြင်းအထန် စဉ်းစားနေပုံပါပေ။ ခဏနေတော့ တုံ့ပြန်စကား ထွက်လာပါလေ၏။
“အဲဒါပဲကွ သူငယ်ချင်းတို့ရ . . ဒါဟာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တော်ချက်တွေထဲက တခုပဲပေါ့ကွ . . . ဟဟ ဟ ဟ”
“ဟေ . . .”
“အေး . . . အခု ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ သူ့တပည့် ဗိုလ်ချုပ်ရန်နောင်စိုးတို့ကို မဖြစ်မနေ အရေးယူတယ် မဟုတ်လား”
“အေးလေ”
“အဲ့ဒါပဲကွ . . . အဲဒါ သမာသမတ်ရှိသူတွေရဲ့ ကျောသားရင်သား မခွဲခြားတဲ့ အမူအကျင့်ကွ . . . ဟ ဟ ဟ ဟ”
အဘစိမ်းမောင်ကား သူ့စကားသူ သဘောကျကာ ပြုံးရွှင်လာပါ၏။ ကျန် အရွှင်အဘတွေက သူ့ကို ‘လွှတ်’ ပေးထားတာကို သတိမပြုမိ။
“အေးကွာ . . . မင်းတို့ မအလကြီးက သူ့ကို ခြေရာတိုင်းလာနိုင်တဲ့သူတွေကို စွပ်စွဲထားတဲ့ ပြစ်မှုတွေကလည်း နည်းနည်းနောနောပဲလား ဟကောင်ရ”
“စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်စဉ် နိုင်ငံ၏ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်မူဝါဒ၊ စီးပွားရေးဆိုင်ရာမူဝါဒများကို ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား ဆောင်ရွက်ခြင်း၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခြင်း၊ စီးပွားရေးကုမ္ပဏီများထံမှ တံစိုးလက်ဆောင်များ ရယူခြင်း၊ နိုင်ငံခြားသုံးငွေများ တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်ခြင်းဖြစ်၍ စစ်တရားရုံးက ၂၂ နှစ်ကာလနှင့် ညီမျှသော ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကို ချမှတ်လိုက်သည်’ တဲ့ဟ”
“အေးလေကွာ . . . ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ဆိုသလိုပေါ့ဟ”
“ဟေ . . . အဲသလိုလား . . . တကယ့်ကို ကြည်ညိုစရာ မအလကြီးပါလားကွာ”
“ဝါး . . . ဟား ဟား ဟား ဟား ဟား”
ရုတ်တရက် ထရယ်ကြပြန်တော့ အဘစိမ်းမောင်က သိပ်ကြည်ပုံမရ။ တင်းသွားပြန်၏။
“ဒီမှာ စိမ်းမောင် . . . ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တော်တုန်းကလည်း ဒီလိုမျိုး အစားများတဲ့လူတွေကို ထောင်ချခဲ့တာပဲ”
“မူးသာပြောတာ ဟုတ်သဟ၊ ဗိုလ်သန်းရွှေက အစားသောင်းကျန်းနေတဲ့ ဗိုလ်ကျော်ဘ၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်မြင့်အောင်၊ ဗိုလ်ဝင်းမြင့်၊ ဗိုလ်ညွန့်တင် . . . တို့တွေကို ‘စားပိုးနင့်’ ပြီး သေမှာစိုးရိမ်တာနဲ့ ထောင်ထဲမှာ လေးငါးလစီလောက် အနားယူခိုင်းခဲ့တယ် မဟုတ်လား”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
“အခုဟာကတော့ ‘တသက်တကျွန်း’ တကယ်ချတာကွ မူးသာတို့ လုံးတုံးတို့ရ”
“ဝါး . . . ဟား ဟား ဟား ဟား ဟား”
(ဂ)
အဘစိမ်းမောင်ကား မအလတွေ၏ လုပ်ရပ်နှင့် ပြောစကားများကို ယခုအထိ ယုံစားနေသူ ပုဂ္ဂိုလ်ထူး ဖြစ်သည်ဟု ကျန်အဘတွေက မှတ်ချက်ချကြပါ၏။
“မင်းတို့တွေ မယုံရင် စောင့်ကြည့်နေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျန်ရှိနေသေးတဲ့ စစ်တပ်ထဲက အဲသလိုမျိုး မဟုတ်တာလုပ်တဲ့သူတွေကို ထပ်မံဖော်ထုတ်ပြီး ခုလိုမျိုး ပြစ်ဒဏ်ကြီးကြီးတွေ ပေးဦးမှာ”
“ဟေ . . . တကယ်လား အဟုတ်လား”
“မင်းတို့ စောင့်ကြည့်လေ . . . စစ်တပ်ထဲမှာ အဲသလို မတော်မတရားလုပ်ထားတဲ့သူတွေ တလှေကြီး ရှိသေးတယ်ကွ”
“စိမ်းမောင်ရဲ့ ဒီစကားကိုတော့ တကယ့်ကို ကြိုက်သွားပြီကွာ”
သို့ဖြင့် အဘစောမူးသာတို့ အဘလုံးတုံးတို့ အဘရစ်ချတ်တို့က အဘစိမ်းမောင့်စကားကို ထောက်ခံကာ စစ်တပ်ကရတဲ့ လစာလေး တပဲခြောက်ပြားနဲ့ ဆယ်သက် ဆယ်ကမ္ဘာ စားမကုန် သုံးမကုန် ဖြုန်းမကုန်အောင် ချမ်းသာနေတဲ့သူတွေကို အမြန်ဆုံး အရေးယူဖို့ ကောင်းကြောင်း ‘တွန်း’ ကြပါလေ၏။
“လာမှာ . . . လာမှာ”
“ဟိုတယောက်ဆိုကွာ . . . နှစ်ဖက်မိဘတွေကလည်း မချမ်းသာပါဘူး၊ မိမွေဖမွေလည်း မရပါဘူး၊ ဒါပေမဲ့လို့ အခုဆိုရင် သူတို့မှာ ရုပ်ရှင်ကုမ္ပဏီကြီးတွေနဲ့၊ ဂီတထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေနဲ့၊ TV ချန်နယ်ကြီးတွေနဲ့၊ ဧရာမပန်းချီပြခန်းကြီးတွေနဲ့၊ ဆင်းကတ်ကုမ္ပဏီကြီးတွေနဲ့၊ ကိုယ်ပိုင် လူကြီးဆေးရုံကြီးတွေနဲ့၊ ကိုယ်ပိုင်ကလေးဆေးရုံကြီးတွေနဲ့၊ ကိုယ်ပိုင်ဟိုတယ်ကြီးတွေနဲ့၊ ကိုယ်ပိုင်မော်တော်ယာဉ်လိုင်းကြီးတွေနဲ့၊ ဘီယာစက်ရုံကြီးတွေနဲ့၊ အရက်ချက်စက်ရုံကြီးတွေနဲ့၊ ဘိလပ်မြေစက်ရုံကြီးတွေနဲ့၊ စားသောက်ကုန်စက်ရုံကြီးတွေနဲ့၊ နောက်ဆုံး ကုန်ကုန်ပြောရရင်ကွာ သူတို့မှာ အမျိုးသမီးလစဉ်သုံး ပစ္စည်းစက်ရုံကြီးတွေအထိကို ပိုင်ဆိုင်ထားကြတယ်”
“ပြီးတော့ ဒီကောင့်လက်ထဲမှာ ဒေါ်လာငွေတွေကိုလည်း တရားမဝင် ကိုင်ထားတယ်။ စစ်စည်းကမ်းတွေကိုလည်း စိတ်ရှိတိုင်း အတင်းအဓမ္မ ဖောက်ဖျက်နေသေးတယ်ကွ စိမ်းမောင်ရ”
“အင်း . . . ဒီလိုကောင်ကိုလည်း မကြာခင် ဖမ်းချုပ် စစ်ဆေးပြီး ပြင်းပြင်းထန်ထန် အရေးယူတော့မှာပေါ့ မူးသာရာ”
“အေးကွာ . . . ထိထိရောက်ရောက် အရေးယူနိုင်ပါစေလို့ပဲ ငါတို့ကတော့ ဆုတောင်းနေပါတယ် စိမ်းမောင်ရာ”
“ယူမှာ . . . ယူမှာ”
အဘစောမူးသာနှင့် အဘစိမ်းမောင်တို့၏ စကားအသွားအလာကို စောင့်ကြည့်နေသည့် အဘလုံးတုံးမှာ ဒီနေ့စကားဝိုင်းကို အမေးတခွန်းဖြင့် နိဂုံးချုပ်ပေးပါလေ၏ခင်ဗျာ။
“မူးသာ . . . မင်းခုနပြောတဲ့ ဗိုလ်ချုပ်က ဘယ်အကောင်လဲကွ”
“ဘယ်သူဖြစ်ရမလဲဟ . . . အခုအချိန် တနိုင်ငံလုံးမှာ အချမ်းသာဆုံးဖြစ်နေတဲ့ လူထုအချစ်တော် မအလ ပါတဲ့ခင်ဗျား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)