ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ အထက်နားက ဒိန်ဂါကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အောက်တိုဘာ ၁၄ ရက်ညနေက စတင်မီးရှို့နေပြီး ၁၅ ရက်နေ့မှာလည်း ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒိန်ဂါရွာက နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေါ့ဖုန်းယန်ကနေ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နမ်ဆန်ယန်ဒေသကို အင်အားဖြည့်ဖိုေအတွက် လမ်းလုံခြုံရေးယူတဲ့ စစ်ကြောင်းတွေလို့ ယူဆရပြီး အောက်တိုဘာ ၁၄ ရက် မနက်က ဒိန်ဂါကျေးရွာနဲ့ ခလားကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဒိန်ဂါရွာမှာ ရပ်နားနေရာကနေ ဒိန်ဂါကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဟိုတခေါက်က ခလားယန်တောင်တက်နားမှာ တိုက်ခံရတဲ့ စစ်ကားတွေ မတက်နိုင်လို့ ဒေါဖုန်းယန်မှာ ပြန်ခေါက်ထားတာတွေရှိတယ်။ အခုအဲကားတွေ၊ စစ်အင်းအားတွေ ပြန်ပို့ဖို့ထင်တယ်။ အရင်နေ့ကနေ လမ်းလုံခြုံရေးယူဖို့ တက်သွားတာတွေရှိတယ်။ အဲစစ်ကြောင်းတွေနဲ့ မနေ့က မနက်ပိုင်း ဒိန်ဂါအထက်ဘက်မှာ KIA နဲ့ တိုက်ပွဲဖြစ်ကြတာတဲ့။ အဲတာနဲ့ ပြန်ခေါက်ပြီး ဒိန်ဂါမှာနားနေတာ။ မနေ့က ညနေပိုင်းလောက်မှာ ရွာထဲက အိမ်တလုံးကို မီးရှို့တယ်၊ ဒီနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်ကနေထပ်ပြီး မီးရှို့နေတာတွေ့ရတယ်။ ဒီနေ့တော့ မီးခိုးတွေ တော်တော်များတာတွေ့ရတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန် ဒိန်ဂါပတ်ဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းတွေ ရှိနေသေးတာကြောင့် နေအိမ်ဘယ်လောက် လောင်ကျွမ်းသွားတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒိန်ဂါကျေးရွာက ပြည်သူတွေနဲ့ ဒေါ့ဖုန်းယန်-နမ်ဆန်ယန်လမ်းပေါ်က လွယ်မောက်ယန်၊ ဒုန်ခုန်းကျေးရွာက ပြည်သူတွေဟာ ကျေးရွာတွေမှာ လုံခြုံမှုမရှိတာကြောင့် ဇူလိုင်လနောက်ပိုင်းကနေ ဒေါ့ဖုန်းယန်နဲ့ မြို့ပေါ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဒိန်ဂါကျေးရွာဟာ ၂၀၁၁ ခုနှစ် တကျော့ပြန်တိုက်ပွဲမဖြစ်ပွားခင်က အိမ်ထောင်စု ၁၀၀ ကျော်ရှိခဲ့တဲ့ ကျေးရွာဖြစ်ပြီး ကျေးရွာပြည်သူတွေက ၂၀၁၉ ခုနှစ်ကနေ နေရပ်ပြန်ပြီး နေထိုင်နေရာကနေ ဇူလိုင်ကနေစတင်ပြီး နမ်ဆန်ယန်ဒေသမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားလာကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတာပါ။