နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံး ရေကြီးတာ ကြုံခဲ့ရတဲ့ ပဲခူးမြို့ရဲ့ မြို့ပေါ် ရပ်ကွက်တွေမှာ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ မြေနိမ့်ပိုင်း နေရာတချို့မှာ ရေမကျသေးတာကြောင့် ရေဘေးသင့်ပြည်သူတွေဟာ နောက်ဆက်တွဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပဲခူးမြို့မှာ အောက်တိုဘာ ၈ ရက်ကစလို့ သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါး အဆိုးဝါးဆုံး ရေကြီးနစ်မြှုပ်မှု ကြုံခဲ့ရပါတယ်။
အောက်တိုဘာ ၁၄ ရက်မှာ မြို့ပေါ်ရပ်ကွက်တွေ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ အနိမ့်ပိုင်း နေရာတွေမှာ ရေမကျသေးတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရှိနေပြီး ရေကျသွားတဲ့ နေရာတွေမှာလည်း ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။
ပဲခူး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက "ကူညီကယ်ဆယ်ရေးအတွက်က ကျနော်တို့ လုပ်စရာတော့ မရှိတော့ဘူး။ ဒါပေမဲ့ ရေကျသွားတယ်ဆိုပေမယ့် တချို့ အနိမ့်ပိုင်းဒေသတွေမှာ ရေနစ်မြှုပ်မှုက ရှိသေးတယ်။ ကျောက်ကြီးစု၊ အုတ်ကျင်း၊ ရွာသစ် အဲ့နေရာတွေမှာ အနိမ့်ပိုင်းဒေသဖြစ်တဲ့အတွက် မြို့ပေါ်ရေလျှံမှု မရှိတော့တဲ့အချိန်မှာ အဲ့နေရာတွေမှာ ရေကျန်သေးတယ်။ ကျန်နေသေးတယ်ဆိုတာ တချို့နေရာတွေမှာ တရပ်လောက်နီးပါး ကျန်တယ်။ တချို့ နေရာတွေဆို ရင်ညွှန့်လောက် ရှိတယ် ဒါလက်ရှိ အခြေအနေပေါ့။ ဇိုင်းတောင်၊ ဖောင်တော်ဦး အဲ့ဘက်မှာဆို ရင်စို့လောက်ရှိတယ်။ ခေါင်းဆေးကျွန်းအရှေ့က မြေနိမ့်ပိုင်း ဒေသတွေ ကျွန်းသာယာမှာဆို ရင်ညွှန့်လောက် ရှိပါသေးတယ်။ အဲ့ဘက်မှာဆို ပြန်လည် ထူထောင်ရေးတွေ ကျနော်တို့ မိတ်ဖက် ပရဟိတအဖွဲ့တွေနဲ့ လိုက်လှူဒါန်းပေးနေပါတယ်။ နယ်တွေကနေ ဆက်သွယ်လာတဲ့ အလှူရှင်တွေ လှူဒါန်းပေးနေတာတွေကို ပဲခူးပရဟိတအဖွဲ့တွေ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါဆောင်ရွက်ပြီး လိုက်လှူပေးနေတုန်းပါပဲခင်ဗျ"လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ အချိန်ထိ ရေပြန်မကျသေးတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေဘေးသင့် ပြည်သူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက နေရာ ရွှေ့ပြောင်းနေရတုန်းပဲလို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သောက်ရေ လှူဒါန်းမှုတွေ လုံလောက်နေပြီဖြစ်ပေမယ့် သန့်ရှင်း ဆေးကြောဖို့အတွက် သုံးရေ အခက်အခဲတွေ ရှိနေသေးတယ်လို့လည်း ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
ပဲခူးမြို့ ပရဟိတ ကူညီရေးအသင်း တသင်းက "နောက်ဆုံးအခြေအနေကတော့ တံတားရဲ့ အရှေ့ဘက်အခြမ်းမှာ ရေကျသွားပြီ။ တံတားရဲ့ အနောက်ဘက်အခြမ်းမှာတော့ မြေနိမ့်နေတဲ့နေရာလေးတွေ ရေနည်းနည်း ကျန်ပါသေးတယ်။ အခက်အခဲ ပြောရရင် အကုန်လိုနေကြတာ။ အရေးကြီးဆုံးကတော့ သောက်ရေက လုံလောက်နေပြီ။ သုံးရေ လိုနေတာပေါ့။ ဆေးကြောရတာ ဘာညာ၊ ရေမြှုပ်တာတွေ၊ ကျနော်တို့ မီးစက်နဲ့ တွဲပြီး လိုက်တော့ မောင်းပေးနေတယ်။ သုံးရေတွေ သူတို့အိမ်က မစုပ်ထုတ်နိုင်လို့ ကျနော်တို့ လိုက်လုပ်ပေးနေတယ်။ နောက်တခုက ဆေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာတွေပေါ့"လို့ ဒီဗွီဘီကို ပြောပါတယ်။
တချို့ နေအိမ်တွေမှာ ရေနစ်မြုပ်တာ မရှိတော့ပေမယ့် ရေကြီးတဲ့အထဲ ပစ္စည်းတွေ ပါသွားတာကြောင့် စားသောက်ရေးနဲ့ ချက်ပြုတ်ရေးတွေမှာ အခက်အခဲတွေ ကြုံနေရတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။
ရေကျသွားတဲ့ နေရာတွေမှာတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည် ထူထောင်ရေးတွေ စုပေါင်း လုပ်နေပြီလို့ ပဲခူးမြို့ခံ တယောက်က ပြောပါတယ်။
“အခုက ရေကျသွားပေမဲ့ လမ်းကြားတွေ၊ ရပ်ကွက် လမ်းကြားတွေမှာ ရေတွေ ကျန်သေးတယ်။ ပြီးတော့ ပြန်လည်ထူထောင်ရေးတွေ လုပ်ရဦးမယ်။ အခုကတော့ စုပေါင်းပြီး ပြန်လည် ထူထောင်ရေး လုပ်နေကြပြီ။ ပရဟိတအသင်းတွေတော့ တော်တော်များများ ကူညီကြတယ်။ ရန်ကုန်ရော၊ အနယ်နယ် အရပ်ရပ်ကရော လာကူညီကြတယ်။ အခက်အခဲကတော့ ရေကြီးတုန်းက လှေသွားလို့ မရတာတွေ၊ လှေငှားလို့ မရတာတွေ၊ ကယ်ဆယ်ရေး တော်တော်များများ လုံလုံလောက်လောက် မရှိတာတွေ ကြုံရတယ်။ အခက်အခဲတွေက ရေကျတဲ့ နေရာတွေမှာ ပြန်သန့်ရှင်းလုပ်ရတာတွေ အကုန်လုံးပေါ့။"
အောက်တိုဘာ ၇ ရက်က စတင်ကာ အောက်တိုဘာ ၁၀ ရက်အထိ ၃ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပဲခူးမြစ်ရေ မြင့်တက်ခဲ့ပြီး ပဲခူးမှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးဝါးဆုံး ရေကြီးမှု အခြေအနေကို ကြုံခဲ့ရပါတယ်။
ရေကြီးမှုကြောင့် ပဲခူးမြို့နယ် တမြို့လုံးနီးပါး ရေနစ်မြှုပ်ခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ၁၀ ပေကျော်၊ အမြင့်ပိုင်း ရပ်ကွက်ပိုင်းတွေမှာ ၃ ပေနီးပါးနဲ့ ပဲခူးနယ်အတွင်းက ကျေးရွာ ၈ ရွာလောက် ရေနစ်မြှုပ်မှု ကြုံခဲ့ပါတယ်။
ပဲခူးမြို့မှာ ရေဘေးရှောင်ပြည်သူ ၄၀၀၀၀ ကျော်ရှိခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၃၀ ကျော် ဖွင့်လှစ် ကူညီပေးခဲ့ရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအသင်းတွေ ဆီက သိရပါတယ်။
ဇွဲသစ်