ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဘဏ်ကနေ တရားဝင်ငွေလွှဲပို့မယ်ဆိုရင် လျှပ်စစ်ကား (EV) တင်သွင်းခွင့် ပါမစ်ပေးမယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
သင်္ဘောသားတွေအပါအဝင် ပြည်ပမှာပုံမှန်လစာရရှိသူတွေ တနှစ်ကို အမေရိကန်ဒေါ်လာ နှစ်သိန်းနဲ့ အထက် ဘဏ်ကနေ လွှဲပို့မယ်ဆိုရင် လွှဲပို့ငွေ ၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ လျှပ်စစ်သုံးမော်တော်ယာဥ် တစီး တင်သွင်းခွင့်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပုံမှန်လစာရရှိသူမှအပ တခြားဝင်ငွေ ရရှိသူတွေအနေနဲ့ တနှစ်ကို အမေရိကန်ဒေါ်လာ ငါးသောင်းနဲ့ အထက်လွှဲပို့ရင် လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ လျှပ်စစ်သုံး မော်တော်ယာဥ်၊ လျှပ်စစ်သုံး ဆိုင်ကယ် တနှစ်တစီး တင်သွင်းရမယ်လို့ ဆိုပါတယ်။
အဲဒီ တနှစ်ကို အမေရိကန်ဒေါ်လာ ငါးသောင်းနဲ့ အထက်လွှဲမယ့်သူတွေအနေနဲ့ တဦးချင်း တင်သွင်းနိုင်သလို တဦးချင်းတင်သွင်းဖို့ မော်တော်ယာဥ်တန်ဖိုး မပြည့်ရင် စုပေါင်းတင်သွင်းခွင့် ပါမစ်လျှောက်နိုင်တယ်ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။
လျှပ်စစ်သုံးမော်တော်ယာဥ်နဲ့ လျှပ်စစ်သုံး ဆိုင်ကယ်ဝယ်ယူ တင်သွင်းခွင့် အစီအစဥ်ကို အောက်တိုဘာ ၁၆ ရက်ကစပြီး ခွင့်ပြုသွားမယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဘဏ်ကနေ ငွေလွှဲပို့စေရေး နည်းမျိုးစုံ ကြံစည်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေထဲက အခုအစီအစဥ်ဟာလည်း ဆွဲဆောင်စည်းရုံးမှုတရပ် ဖြစ်တယ်လို့ ပြည်ပရောက်လုပ်သားတချို့က ဆိုပါတယ်။
ဂျပန်ရောက် မြန်မာလုပ်သားတဦးဖြစ်တဲ့ ကိုရဲထက်က "သူတို့ နိုင်ငံခြားငွေ တအားလိုနေတယ်ဆိုတာ လုပ်ရပ်တွေက သက်သေပြနေတာပဲလေ။ စစ်ကောင်စီရဲ့ အကြံအစည်အားထုတ်မူကို ဆန့်ကျင်တုံ့ပြန်ရမှာ ပြည်ပရောက် မြန်မာတွေရဲ့ တာဝန်ဖြစ်သွားပြီ" လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်ပကိုသွားရောက်မယ့် မြန်မာလုပ်သားတွေ လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ဘဏ်ကနေ မိသားစုဆီ တရားဝင်လွှဲ ပို့ရမယ်ဆိုပြီး စက်တင်ဘာလကစလို့ ဝန်ခံလက်မှတ်ရေးထိုးခိုင်းခဲ့တာ ရှိတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
ဒါ့အပြင် ပြည်ပရောက် မြန်မာတွေ နိုင်ငံခြားငွေနဲ့ ရရှိတဲ့လစာနဲ့ ဝင်ငွေတွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမယ့် အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတခု စစ်ကောင်စီက ပြဋ္ဌာန်းထားပါတယ်။
ဒါပေမယ့် ပြည်ပရောက် မြန်မာနိုင်ငံသားအများစုကတော့ စစ်ကောင်စီဆီ နိုင်ငံခြားငွေ စီးဝင်မရောက်ရှိစေဖို့ ဘဏ်ကနေငွေလွှဲပို့၊ အခွန်ပေးဆောင်ဖို့ကို ဆန္ဒမရှိကြဘူးလို့ ပြည်ပရောက် အလုပ်သမားတွေက ဆိုပါတယ်။