တိုက်ကြီးမြို့နယ် ချင်းကုန်းကျေးရွာအုပ်စု ကျားချောင်းကျေးရွာ စိုက်ခင်းအနီးမှာ အောက်တိုဘာ ၁၄ ရက်ညက တောဆင်ရိုင်းတကောင် ဓာတ်လိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုမတောင်ပေါ် သစ်တောကြိုးဝိုင်းအနီး စပါးစိုက်ခင်းဘေးမှာ လျှပ်စစ်မီးသွယ်တန်းထားတဲ့ ဝါယာကြိုးကို ဆင်က ကိုက်မိပြီး ဓာတ်လိုက်သေဆုံးသွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဆင်တွေလယ်ထဲဝင်လို့ စိုက်ခင်းပိုင်ရှင်က လျှပ်စစ်ရှော့ကြိုး ကာထားတာ၊ အဲ့ဒါကို ပါးစပ်နဲ့ ကိုက်ဖြတ်တာ၊ ဓာတ်လိုက်ပြီး သေသွားတာ။ ညကတည်းက ဒီမနက်မှ လယ်ရှင်ကတွေ့ပြီး သစ်တောကို ဖုန်းဆက်ခေါ်တာ။"
မနေ့ညက ဦးအောင်ဖေရဲ့ လယ်ကွက်ထဲကို တောဆင်ရိုင်းငါးကောင်ဝင်လာတာဖြစ်ပြီး အဲ့ထဲက ဆင်ကြီးတကောင်ဟာ လျှပ်စစ်ကြိုးကို ကိုက်မိ သေဆုံးသွားပြီး အတူပါလာတဲ့ ဆင်လေးကောင်ကတော့ ထွက်ပြေးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သစ်တောဦးစီးက တောအုပ်တွေရဲ့အကြံပြုချက်အရ လယ်သမားတွေကို ဆင်တွေဝင်လာရင် အန္တရာယ် ကာကွယ်လို့ရအောင် ဓာတ်ကြိုးတွေကို လယ်နားတဝိုက်မှာ ပတ်ကာထားခိုင်းထားတာ။ မီးလာနေတော့ ကြိုးကိုကိုက်မိတဲ့ ဆင်သေတာပေါ့။ အမှန်က တောင်ပေါ်က ဝါးတွေကို လူတွေက အရမ်းခုတ်တော့ ဓားစရာမရှိတော့ ရွာဘက်တွေ ရောက်လာတာ။"
သေဆုံးနေတဲ့ဆင်မှာ အသက် ၁၈ နှစ်အရွယ်ရှိပြီး သေဆုံးနေတဲ့ဆင်ကို သစ်တောဦးစီးဌာနက လာရောက်သယ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
တိုက်ကြီးမြို့နယ်အတွင်း သစ်တောကြိုဝိုင်းမှ ဆင်တွေ ကျေးရွာတွေကို မကြာခဏလာလေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကလည်း နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။