ဂါဇာကဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို တိုက်ခိုက်မယ်ဆိုတဲ့သတင်းကို အီဂျစ်ဆီက အပါအဝင်ဘယ်လို ခိုင်မာတဲ့ သတိပေးချက်မှ အစ္စရေးက မရခဲ့ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အမျိုးသား လုံခြုံရေးအကြံပေးက အောက်တိုဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
ထောက်လှမ်းရေး သတင်းအချက်အလက်အသစ်နဲ့ ပတ်သက်ပြီး တိုက်ခိုက်မှုမစခင် ၂ နာရီခွဲအလို မနက် လေးနာရီ အစည်းအဝေးကို တက်ဖို့ အစ္စရေးရဲ့ ရှင်းဘတ် ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲကို ဆင့်ခေါ်ခဲ့ပေမယ့် စစ်ပြင်ဆင်ဖို့ အကျိုးအကြောင်း မခိုင်လုံသေးဘူးလို့ ဇာချီ ဟဲနက်ဘီက မီဒီယာတွေကို ပြောပါတယ်။
ဂါဇာစစ်ပွဲနဲ့အပြိုင် လက်ဘနွန်ကဟဇ်ဘိုလာတွေရဲ့ ရန်လိုမှုတွေကို တည်ငြိမ်အောင် ထိန်းထား နိုင်ပုံရတယ်လို့လည်းသူက ပြောပါတယ်။
လက်ဘနွန်နိုင်ငံ ပျက်စီးခြင်းဆီဦးတည်သွားနိုင်တဲ့ လုပ်ရပ်မျိုး မလုပ်ဖို့ကိုလည်း ဟဇ်ဘိုလာ အဖွဲ့ကို သတိပေးထားတယ်လို့သူက ပြောပါတယ်။
အရင်သီတင်းပတ်က အစ္စရေး တောင်ပိုင်းမှာ အလစ်အငိုက်အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဟားမတ်စ်သေနတ်သမားတွေရှိရာ ဂါဇာကမ်းမြောင်ကို လက်တုန့်ပြန် တိုက်ခိုက်ဖို့ အစ္စရေးက အာရုံစိုက်ထားလို့ စစ်မျက်နှာ နှစ်ဖက်ညပ်မယ့် အခြေအနေကို ရောက်မသွားအောင် အစ္စရေးက ကြိုးစားနေတယ်လို့ ဟာနက်ဘီက ရုပ်သံသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အန္တရာယ် ဖြစ်နိုင်ခြေကို အီဂျစ်က အစ္စရေးကို သတိပေးခဲ့တယ်ဆိုတဲ့ မီဒီယာ သတင်းတွေကိုလည်း သတင်းတုတွေအဖြစ် သူက ပယ်ချခဲ့ပါတယ်။
ဒါပေမဲ့တိုက်ခိုက်မှု မစခင် ရှင်းဘတ် အကြီးအကဲက မကြုံစဖူး ထောက်လှမ်းရေး အချက်အလက် တွေ လက်ခံရရှိခဲ့တယ်ဆိုတဲ့ သီးခြား အစီရင်ခံစာကိုတော့ သူက အတည်ပြုခဲ့ပါတယ်။
ရှင်းဘတ် အကြီးအကဲ ရိုနန်ဘားဟာ ဟားမတ်စ်တွေ မတိုက်ခိုက်မီ မနက်လေးနာရီက ရတဲ့ သတင်းအချက်အလက်အတွက် အစည်းအဝေး ခေါ်ခဲ့ပေမဲ့ တိကျခိုင်လုံတဲ့ သတိပေးချက်အဖြစ် မှတ်ယူလို့ မရခဲ့ဘူးလို့ ဟာနက်ဘီက ပြောခဲ့ပါတယ်။
Source/Photo-Reuters