မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ စီ လမ်းနဲ့ ၁၃၅ လမ်းကြားက လူနေထိုင်တဲ့ ဆိုင်ခန်းတခုမှာ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက လင်းမယား ၂ ဦးကို စစ်ကောင်စီရဲ၊ ပြည်သူ့စစ်နဲ့ ရပ်ကွက်လူကြီးတွေက ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုဇင်ကိုထွန်းနဲ့ ဇနီးဖြစ်သူတို့ နေအိမ်ဆိုင်ခန်းထဲမှာ အတူရှိနေချိန် အိမ်စီးကား ၂ စီးပေါ်က အရပ်ဝတ် ၅ ယောက်၊ စစ်ယူနီဖောင်းဝတ်ထားတဲ့ ပြည်သူ့စစ် ၃ ဦးနဲ့ ရပ်ကွက်လူကြီးတွေက သေနတ်ပြ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
မန္တလေးမြို့ခံတယောက်က “နေ့ခင်း ၂ နာရီကျော်လောက်က ဖြစ်တာ။ ဝင်ဖမ်းချိန်က ကောင်လေးရော သူ့မိန်းမပါ အတူတူရှိနေတော့ ၂ ဦးစလုံးပါသွားတယ်။ ကား ၂ စီးနဲ့ လာတာ။ ပျူတွေ ယူနီဖောင်းနဲ့ ပါတယ်။ နယ်ထိန်းရော အုပ်ချုပ်ရေးမှူးလည်း ပါတယ်။ ဘယ်ခေါ်သွားသလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ကိုဇင်ကိုထွန်းရဲ့ ဘယ်ဘက်ရင်ဘတ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ နွေဦးတော်လှန်ရေးစာသားကို တက်တူးထိုးထားတာနဲ့ ဖေ့ဘွတ်ခ်မှာ အာဏာရှင်ဆန့်ကျင်ရေးစာတွေ ရေးသားမျှဝေနေတာကြောင့် ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံ လင်မယား ၂ ယောက်စလုံးဟာ ပြည်ကြီးတံခွန်ရဲစခန်းမှာ ချုပ်နှောင်ခံထားရပြီး စစ်ကောင်စီဘက်က အကြမ်းဖက်ဥပဒေတွေနဲ့ မတရားဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်ကလည်း ကချင်ပြည်နယ်၊ လိုင်ဇာမြို့နားက စစ်ရှောင်စခန်း တိုက်ခိုက်ခံခဲ့ရတဲ့သတင်းကို ဖေ့စ်ဘွတ်ခ်မှာ ပြန်ပြီးမျှဝေခဲ့တဲ့ မန္တလေး၊ အမရပူရမြို့နယ်က CDM ကျောင်းဆရာမ ၁ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ အောက်တိုဘာ ၁၃ ရက်နေ့အထိ မတရား ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း အယောက်၂၅,၃၀၀ ရှိတဲ့အနက် ၁၉,၆၇၁ ယောက် ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။
ထိန်းသိမ်းခံနေရသူတွေထဲက ၇,၇၂၇ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၄,၁၄၆ ယောက်ရှိပြီလို့လည်း ဆိုပါတယ်။