မော်လမြိုင်-ကျိုက်မရော ကားလမ်းဘေးမှာရှိတဲ့ မင်းရွာအချုပ်ထောင်ရဲ့ ဗဟိုကင်း ၃ ခုကို ဒီနေ့မနက် ၁၁ နာရီခွဲမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေက ဒရုန်း နဲ့ ဗုံး သုံးကြိမ်ကြဲ တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေသခံတဦးက "၁၁ နာရီခွဲက စပြီးဗုံးပေါက်တာ၊ ၅ မိနစ်ဆီပဲ ခြားတယ် သုံးကြိမ်တောင် ပေါက်တာ။ သေမသေတော့ မသိဘူး၊ စစ်တပ်ရော ရဲရော အကုန်ရောက်နေတာ" လို့ ပြောပါတယ်။
မင်းရွာအချုပ်ထောင်ရှိ ဗဟိုကင်းသုံးခုကို Done အသုံးပြုကာ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရဘူးလို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗဟိုကင်းတွေကို အပေါ်တည့်တည့်ကနေ ဗုံးချတာ၊ အချုပ်ထောင်ဘက်ကတော့ လူမထိဘူးပြောတာပဲ၊ အကျဥ်းဦးစီးဘက်ကတော့ သတင်းကို သေချာစုံစမ်းနေတယ်" လို့ ရှင်းပြပါတယ်။
လက်တလောမှာ မော်လမြိုင်-ကျိုက်မရော ကားလမ်းနဲ့ မင်းရွာအချုပ်ထောင်အနီးမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးမြှင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းရွာအချုပ်ထောင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စတင်ကာ စစ်ကောင်စီတပ်က ဆောက်လုပ်ခဲ့ပြီး လတ်တလောမှာ ဗဟိုကင်း သုံးထပ်အဆောက်အအုံ၊ အကျဉ်းသား နှစ်ထပ်အိပ်ဆောင်၊ ထမင်းစားဆောင် နဲ့ ဝန်ထမ်းအိမ်ရာတို့သာ ဆောက်လုပ်ပြီးစီးသေးကြောင်း အကျဥ်းဦးစီးဌာနက သိရပါတယ်။