စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ ဒေသခံ ၁ ယောက် သတ်ဖြတ်ခဲ့ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးနေရသလို တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာတော့ စစ်ကောင်စီတပ်သားတွေက နာရေးကား ၂ စီးနဲ့ နာရေးအဆောင်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုလဲမြို့ပေါ်မှာ ညအိပ်အထိုင်ချတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အောက်တိုဘာ ၁၁ ရက်နေ့မှာ ပုလဲမြို့နယ်မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ စစ်ကြောင်းကြောင့် ရှောင်နေရတဲ့ သတင်း၊ ကံကြီး၊ ကြူခြံ၊ ဇီးရင်း၊ မုန်သွင်နဲ့ ရွာနောင် ကျေးရွာတို့က လူနေအိမ်တွေကို မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။
ပြီးတော့ ကံကြီးရွာသား ၅ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက အသက် ၄၀ နှစ်အရွယ် ကိုချမ်းအောင်ဆိုသူကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး အလောင်းကို ရွာမှာ ထားပစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒါကိုမြင်ပြီး ကြောက်လန့်စိတ်မမှန်ဖြစ်သွားသူ ၁ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး နောက် ၃ ယောက်ကိုတော့ ဆက်ဖမ်းထားတုန်းပဲ လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ စစ်ကြောင်းဟာ ပုလဲမြို့နယ် လှိုင်း၊ ချင်ပစ်၊ ကြာစီ ကျေးရွာတွေထဲဝင်ရောက်ပြီး ကျွဲ၊ နွား၊ ဝက်တွေကို သတ်စားခဲ့သလို ကြာစီရွာသား ၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဒေသခံတယောက်က “ကိုချမ်းအောင်အလောင်းကိုတော့ မနေ့ကပဲ သင်္ဂြိုလ်ပေးခဲ့ ပါတယ်။ ရူးကြောင်ကြောင်ဖြစ်တဲ့သူကတော့ ဘာမှမေးမရဘူး။ ဖမ်းခံထားရသူတွေကို တော့ သူတို့စစ်ကြောင်းသွားလေရာ ခေါ်သွားတယ်။ အဆက်အသွယ်မရသေးဘူး” ပြောပါတယ်။
ပုလဲမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၁ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကြဲရွာမှာတော့ အောက်တိုဘာ ၁၃ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ချမ်းမြေ့နာရေး ကူညီမှုအသင်း(ဇရပ်ဆိပ်)က နာရေးကား ၂ စီးနဲ့ နာရေးအဆောင်ကို မီးရှို့ဖျက်ဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “စကစတပ်သားတွေက ရွာထဲဝင်လာပြီး ဇရပ်ဆိပ်ကလာတဲ့ နာရေးကား ၂ စီးကို မီးရှို့ဖျက်ဆီးသွားတယ်။ ဒေသခံ ၄ ဦးကိုလည်း ရိုက်နှက်သွားတယ်။ ဖမ်းဆီးခံရတဲ့ သူတွေလည်းရှိတယ်။ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ဟာ ပလမြို့ကနေ စက်တော်ရာတောင်ပေါ်ကတဆင့် အောက်တိုဘာ ၁၃ ရက်နေ့ ညနေဘက်မှာ ကြဲရွာကို ဝင်ရောက်လာတာဖြစ်ပြီး ကြဲဘုန်းကြီးကျောင်းမှာ စခန်းချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ကြဲရွာထဲဝင်လာပြီး မီးရှို့တာကြောင့် ကြဲရွာက အိမ်ထောင်စု ၃၀ လောက်နဲ့ တပို့ရွာက အိမ်ထောင်စု ၄၀ လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။