ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၈ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားပြီး အတိအကျ မဖော်ပြထားတဲ့ ပြစ်မှုကြီး ကျူးလွန်မှုကို စုံစမ်းစစ်ဆေးမယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင် MONUSCO ဟာ ဒီပြစ်မှု အစီရင်ခံစာတွေကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အဖွဲ့သားတွေကို တာဝန်ဆိုင်းငံ့ ထားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အသေးစိပ် အချက်အလက်တွေကိုတော့ မပေးပါဘူး။
“ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းရှိ အခြေစိုက်စခန်းမှာ တပ်စွဲထားတဲ့ ကုလငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေဟာ ညမထွက်ရ သတ်မှတ်ထားတဲ့ ကာဖျူးအချိန် နောက်ပိုင်းမှာ တားမြစ်ဧရိယာပြင်ပရှိ လိင်ကိစ္စ အရောင်းအ၀ယ်ပြုလုပ်တယ်လို့ နာမည်ကြီးတဲ့ ဘားတခုမှာ အချင်းများ ရန်ဖြစ်နေကြောင်း သတင်းရရှိပြီးနောက် ကုလမစ်ရှင်ရဲ့ စစ်ရဲတွေနဲ့ စည်းကမ်းထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီကို သွားရောက် အကဲဖြတ်ခဲ့တယ်”လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောပါတယ်။
သူတို့ အဲဒီမှာ ရောက်နေတာကို အတည်ပြုပြီးတော့ ကုလသမဂ္ဂရဲ့ ကျင့်ဝတ်စံနှုန်းတွေကို ချိုးဖောက်မှုနဲ့ Mission ရဲ့ မူဝါဒတွေကို လိုက်နာမှု မရှိတဲ့အတွက် ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ရာမှာ စည်းကမ်းပျက် တပ်ဖွဲ့ဝင်တွေက ကုလ ကျင့်ဝတ်ထိန်း တပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက် စော်ကားပြီး ခြိမ်းခြောက်မှုတွေ ခံခဲ့ရကြောင်းလည်း ဆိုပါတယ်။
အဲဒီ တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်တဲ့ စစ်တပ်အကြီးတန်းအရာရှိတွေရဲ့ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုမှာ ဆိုးရွားစွာ ပျက်ကွက်မှုကို ညွှန်ပြတဲ့ အထောက်အထားတွေလည်း ရှိနေတယ် လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂမှ အဖွဲ့အစည်းတွင်း ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဖြစ်တဲ့ (OIOS) နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေး သွားဖို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားထားကြောင်းလည်း ဒူဂျာရစ် က ပြောပါတယ်။
MONUSCO အပြင် အာဖရိကနဲ့ ပြင်ပရှိ တခြားကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်တွေ ဟာ လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်မှု စွပ်စွဲချက်တွေနဲ့ နာမည်ဆိုး ထွက်နေတာ အတော်ကြာနေပါပြီ။
ကွန်ဂို၊ ဟေတီနဲ့ ဗဟိုအာဖရိက သမ္မတ နိုင်ငံတို့မှာ အရင်က လိင်အလွဲသုံးစားပြုမှု အရှုပ်တော်ပုံတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။
Source/Photo-Reuters