မိုးကုတ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း တအာင်းတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)ရဲ့ တအာင်းပြည်နယ် တပ်မဟာ ၂ စစ်ဒေသ မိုးကုတ်မြို့နယ်နဲ့ တပ်မဟာ ၅ စစ်ဒေသ ကွတ်ခိုင်မြို့နယ်တို့မှာ အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက်တို့က တိုက်ပွဲတွေဖြစ်ခဲ့တာပါ။
အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ် စကခ-၁၇၊ ခမရ-၅၇၇ တို့က စစ်ကား ၂၄ စီးနဲ့ အင်အားဖြည့်တင်း လာရောက် ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် ရှုခင်းသာဘက်မှာ ၁ ကြိမ်၊ နမ့်ကတ်ကျေးရွာဘက်မှာ ၁ ကြိမ်၊ လိုင်ရွှေရွာဘက်မှာ ၁ ကြိမ် တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်မှာလည်း ခလရ-၄၄၊ ၈၈၊ ၁၀၂၊ ၁၀၄ တို့က လာရောက်ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် အထက်ညောင်ကုန်းနဲ့ ဖြူရောင်ကျေးရွာ ကြားမှာ တိုက်ပွဲ ၁ ကြိမ်ဖြစ်ခဲ့ပြီး နေ့လယ်ပိုင်းမှာလည်း အထက်ညောင်ကုန်းနဲ့ အောက်ညောင်ကုန်း ကျေးရွာြကားကို စစ်ကောင်စီတပ်က လက်နက်ကြီး အကြိမ်ရေ ၂၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းကလည်း မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းနဲ့ ဖြူရောင်ကျေးရွာကြားမှာ တိုက်ပွဲ ၁ ကြိမ်၊ နေ့လယ်ပိုင်းက အထက်ညောင်ကုန်း ကျေးရွာနားမှာ တိုက်ပွဲ ၁ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ခလရ-၄၄၊ ၈၈၊ ၁၀၂၊ ၁၀၄ တို့က လာရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။
တအာင်းတပ်မတော်တည်ရှိရာ ရှမ်းမြောက်ဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး အောက်တိုဘာ ၁၃ ရက်နေ့အထိ တိုက်ပွဲ ၇၅ ကြိမ်ဖြစ်ခဲ့တယ်လို့ TNLA က ထုတ်ပြန် ထားပြီး တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရအခြေအနေကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။