ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နားမှာရှိတဲ့ ခေါက်ရှောက်စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတယောက်ဟာ အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းက အိမ်ပြန်ရင်း မြေပြိုပိမိပြီး သေဆုံးသွားပါတယ်။
သူနဲ့ နောက်စစ်ရှောင်တယောက်ဟာ စခန်းကို ကားနဲ့ပြန်လာနေတုန်း ဆဒုံးမြို့အထက် ပန်ဆယ်ကောင်ကျေးရွာနားမှာ မိုးတွေရွာပြီး သစ်ပင်တွေလဲကျ မြေပြိုနေလို့ လမ်းကို ရှင်းလင်းပြင်ဆင်ရင်း မြေထပ်ပြိုခဲ့တာပါ။
ဒေသခံတယောက်က “မိုးက တောက်လျှောက်ရွာနေတာ။ အဲဒါကို ညပိုင်း ကားနဲ့ဆင်းလာရင်း သစ်ပင်တွေလဲလို့ ရှင်းလင်းနေရင်း အပေါ်ကနေမြေပြိုကျ ပိနေတာ။ လမ်းပြိုလို့ ကားသွားလို့မရတော့ လမ်းလုပ်နေချိန် မြေတခါ ထပ်ပြိုလာတော့ ကားပါတပါတည်း ပြိုကျပိမိသွားတာ။ ကားလည်း မြေတွေပိနေတယ်" လို့ ပြောပါတယ်။
အခု မြေပြိုတာဟာ ဆဒုံးလမ်းမကြီးပေါ်မှာမဟုတ်ပဲ ရွာဘက်ဝင်တဲ့ လမ်းမှာ ဖြစ်တာလို့ ဆိုပါတယ်။
မြေပြိုပိသေဆုံးခဲ့သူဟာ ခေါင်ရှာင်ကျေးရွာဘက်မှာနေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးဖုန်ဆိုင်းဖြစ်ပြီး သူ့အလောင်းကိုတော့ နောက်နေ့ အောက်တိုဘာ ၁၃ ရက် မနက် ၇ နာရီကျော်မှာ ပြန်လည်တူးဖော်ခဲ့ပါတယ်။
ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီလမ်းမှာ မိုးရာသီအချိန် မိုးရွာသွန်းမှုများပြီး နှစ်စဉ် တောင်ပြိုကျတာတွေဖြစ်ခဲ့ပေမယ့် မြေပြိုပိပြီး လူသေဆုံးတာကတော့ ၅ နှစ်အတွင်းမှာ ပထမဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
အခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးအဆက်မပြတ် သည်းသည်းထန်ထန်ရွာနေတာကြောင့် ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေပါ ဖြစ်နေပါတယ်။