သင်တို့နေအိမ်တွေကနေ ချက်ချင်းထွက်ခွာကြပါလို့ ရေးထားတဲ့ လက်ကမ်းစာစောင် ထောင်ပေါင်းများစွာကို အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသမှာ ကြဲချထားပြီး ဒေသခံတွေကိုလည်း ၂၄ နာရီအတွင်း တောင်ပိုင်းဒေသကို တိမ်းရှောင်ကြဖို့ တိုက်တွန်းထားပါတယ်။
အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ဆီက နောက်ထပ် သတိပေးချက် မရမချင်း ကိုယ့်နေအိမ်တွေကို မပြန်ကြဖို့၊ ဂါဇာရှိ အများသုံး အဆောက်အဦတွေ၊ နာမည်ကြီး အဆောက်အဦတွေကနေ ထွက်ခွာကြဖို့၊ လုံခြုံရေးတံတိုင်းနားကို မချဉ်းကပ်ဖို့၊ ဒါတွေကို မလိုက်နာရင် ဘယ်သူပဲဖြစ်ဖြစ် အသက်အန္တရာယ် ကျရောက်မယ်လို့ ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေက လက်မှတ်ရေးထိုးထားပါတယ်။
အစ္စရေးစစ်တပ်က အရပ်သားပေါင်း ၁ သန်းကျော်ကို ၂၄ နာရီအတွင်း တောင်ဘက်ကို ရွှေ့ပြောင်းကြဖို့ တောင်းဆိုခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်က ဂါဇာစီးတီးမှာ နေထိုင်သူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ထုပ်ပိုးပြီး ကားတွေပေါ်တင်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ကြဖို့ အလောတကြီး ပြင်ဆင်ထွက်ခွာနေကြပါတယ်။
အခုချိန်က စစ်ဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပြီး အစ္စရေးစစ်လေယာဉ်တွေက ဂါဇာကမ်းမြောင်ကို ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။
လာမယ့်ရက်တွေအတွင်း ဂါဇာမြို့တော်မှာ စစ်ဆင်ရေးလုပ်တော့မယ်လို့ အစ္စရေးစစ်တပ်က ပြောကြားထားပြီး အရပ်သားတွေကိုလည်း ပြန်လာဖို့အကြံပေးမှသာ ပြန်လာသင့်တယ်လို့ ပြောထားပါတယ်။
အစ္စရေးနိုင်ငံသား ၁,၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ သီတင်းပတ်ကုန် တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး စစ်လေယာဉ်တွေက ဂါဇာကို ဆက်တိုက် ထိုးစစ်ဆင်နေတာကြောင့် ပါလက်စတိုင်း ၁,၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ လူပေါင်း ၄ သိန်းကျော် နေအိမ်တွေကနေ ထွက်ပြေးခဲ့ရပြီး ကယ်ဆယ်ရေးလုပ်သား ၂၃ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က ပြောပါတယ်။
ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီ (UNRWA) က သူ့ရဲ့ ဗဟိုလုပ်ငန်းလည်ပတ်မှု စင်တာနဲ့ နိုင်ငံတကာဝန်ထမ်းတွေကို ဂါဇာကမ်းမြောင် တောင်ပိုင်းကို ရွှေ့ပြောင်းခိုင်းခဲ့ပြီး သူ့ရဲ့အဆောက်အဦတွေကို ထည့်မချေမှုန်းဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပါတယ်။
Source/Photo-Reuters