ပါရာဂွေးအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာအခြေအပေါ် စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီက ပြောပါတယ်။
မက်ဆီဟာ တံကောက်ကြော ကြွက်သားဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ပွဲစဉ် လေးပွဲကို လွဲချော်ခဲ့တာပါ။
ဒါပေမဲ့ အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကစားရမယ့် အချိန်မှာတော့ ပြန်လည် သက်သာကောင်းမွန်လာခဲ့တာပါ။
မက်ဆီဟာ ပါရာဂွေးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒုတိယပိုင်းပွဲချိန် ၅၃ မိနစ်မှာ လူစားဝင်ကစားခဲ့ပါတယ်။
ကွင်းထဲဝင်လာချိန်မှာ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်ထိတ်လန့်ခဲ့ပြီး ပိုမိုကောင်းမွန်လာဖို့ အတွက် ဆက်လက်လေ့ကျင့်သွားဖို့လိုအပ်ကြောင်း မက်ဆီကပြောပါတယ်။
“ပွဲမကစားရတာ ကြာသွားတော့ ပြန်လည်ကစားရတဲ့ပွဲမှာ စိုးရိမ်ထိတ်လန့်မှု နည်းနည်းတော့ ဖြစ်မိတယ်။ ကံကောင်းစွာနဲ့ပဲ ဒဏ်ရာအခြေအနေက ပြန်လည်သက်သာလာခဲ့ပေမဲ့ အပြည့်အဝကောင်းမွန်ဖို့က ဆက်ပြီး လေ့ကျင့်သွားရဦးမှာဖြစ်တယ်” လို့ မက်ဆီက ပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၃ ပွဲစလုံးအနိုင်ရထားပြီး ထိပ်ဆုံးနေရာကနေ ဦးဆောင် နေပါတယ်။
Photo-Reuters