ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က ဟွာမြောင်အထည်ချုပ် စက်ရုံဟာ အပ်ထည် အော်ဒါ မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်တင်ဘာလက ရုတ်တရက် ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၃၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး အလုပ်သမားတွေ နစ်နာကြေးရဖို့ အောက်တိုဘာ ၃ ရက်ကစလို့ စက်ရုံတွင်း ညအိပ်ကာ တောင်းဆိုခဲ့ကြပါတယ်။
အောက်တိုဘာ ၉ ရက်မှာတော့ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ အလုပ်ရှင်၊ အလုပ်သမား ၃ နာရီကျော်ကြာအောင် ဆွေးနွေးခဲ့ပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို မညှိပေးနိုင်တာကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) နဲ့ တခြား အလုပ်သမားအဖွဲ့တွေဆီ တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။
စက်ရုံတွင်းက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ ဒီနှစ် ဇူလိုင်လလောက်ကတည်းက သမဂ္ဂအဖွဲ့တွေဆီ တိုင်ကြားမှုတွေ ရောက်ရှိခဲ့ပါတယ်။
စက်ရုံ ပိတ်သိမ်းတဲ့အခါမှာလည်း အလုပ်သမားတွေ တောင်းဆိုတဲ့ နစ်နာကြေးအတိုင်း မပေးဘဲ အသိပေးစာထုတ်ကာ မမျှတတဲ့ နှုန်းထားတွေပဲ ပေးခဲ့တယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။
STUM - သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက “အရမ်းဆိုးဝါးတဲ့ ဖြစ်စဉ်ပေါ့။ နံပါတ်တစ်က သမဂ္ဂချိုးဖောက်တယ်။ သမဂ္ဂကို ဖြိုခွဲတယ်။ နောက်တခုက အလုပ်သမား အခွင့်အရေးချိုးဖောက်တယ်။ ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေ မပေးဘူး။ ဆိုလိုချင်တာက ဒီစက်ရုံ တရုံပဲလားဆိုတော့ ချိုးဖောက်တဲ့ စက်ရုံတွေ အများကြီး ရှိလိမ့်ယ်။ ဒါပေမဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်တယ်။ တချို့က မသိလို့ ချိုးဖောက်တာ။ တချို့က သိသိကြီးနဲ့ ချိုးဖောက်တာပေါ့။ ကျမတို့က အပြုသဘောဆောင်ပြီး အချင်းမများချင်လို့ ညှိနှိုင်းခဲ့တဲ့အပေါ် သူတို့ရဲ့ တုံ့ပြန်မှုက စက်ရုံ ပိတ်လိုက်တယ်။ ပိတ်တဲ့အခါမှာလည်း ဥပဒေနဲ့ မညီတဲ့ ငွေကြေးတွေ ပေးသွားတယ်။ ပေးရတဲ့ဟာမျိုး။ ဒါမျိုးက စည်းကျပ်နေတာလည်း ရှိတယ်။ ကျမတို့လို အလုပ်သမား သမဂ္ဂတွေ ပြောမှမှ မဟုတ်တာ။ ဒီဥပဒေကိုင်ပြီး အလုပ်လုပ်နေသူတွေက သိတာပဲ။ သူတို့က ရှေ့ကနေ လမ်းကြောင်းပေး လမ်းပြပေးခဲ့လို့ အလုပ်ရှင်တို့ HRတို့ ဒီလမ်းကြောင်းအတိုင်း လျှောက်ခဲ့တာပေါ့။ ရှင်းရှင်းပြောလို့ရှိရင် ဒီစက်ရုံ ပိုင်ရှင်တို့ HRတို့ ပိုက်ဆံသာ လက်ထဲ ရှိရင် ဘာမဆို လုပ်လို့ရတယ်ဆိုတာမျိုး လက်မခံလို့ တုံ့ပြန်မှု ဆက်လုပ်တာပေါ့"လို့ ဒီဗွီဘီကို ပြောပါတယ်။
အလုပ်သမားတွေဘက်က တောင်းဆိုတဲ့ အချက် ၄ ချက်မှာ ၆ လအောက် အလုပ်သမားတွေအတွက် လျော်ကြေး ၁ လစာ ပေးဖို့၊ လုပ်သက်နှစ်ကြေး ထုတ်ပေးတဲ့အခါ ရှောင်တခွင် ခွင့်ရက်ကြေးတွေ တွက်ပေးဖိုနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ထိုက်သင့်တဲ့ နစ်နာကြေးပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
စက်ရုံဘက်က အောက်တိုဘာ ၃ ရက်မှာ အသိပေးစာ ထုတ်ခဲ့ပြီး အဲဒီစာမှာ အလုပ်သမားတွေအတွက် ၉ လပိုင်း လက်ကျန် လစာငွေကို အောက်တိုဘာ ၅ ရက်မှာ ပေးချေခဲ့ပါတယ်။ နုတ်တစ်စာမှာ လုပ်သက် ၁ လကနေ ၃ လအထိ အလုပ်သမားတွေကို လူမှုထောက်ပံ့ကြေး တသောင်းစီ၊ ၃ လကနေ ၆ လအထက် အလုပ်သမားတွေကို ၁ သောင်းခွဲစီ ပေးသွားမယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် နစ်နာကြေးကိုတော့ လုပ်သက် ၁ နှစ်အထက်ရှိတဲ့ အလုပ်သမား ၆ ယောက်ကို ထောက်ပံ့ကြေး ၁ သိန်းစီ၊ လုပ်သက်တနှစ်အောက် ကိုယ်ဝန်ဆောင် ၅ ယောက်ကို ၅ သောင်းစီ ပေးသွားမယ်လို့ စက်ရုံဘက်က ထုတ်ပြန်ထားပါတယ်။
စက်ရုံ အလုပ်သမားတဦးက "၇ ရက်အိပ်ပြီး ၈ ရက်လောက်အထိ ကြိုးစားပြီးတော့ အလုပ်သမားတွေ နေပူမရှောင် မိုးရွာမရှောင် နေခဲ့တယ်။ ရလဒ်ကကျ ဘာမှ မထွက်ဘူး။ အဲဒါကြောင့် ILO တိုင်ဖို့အတွက် လုပ်လိုက်တယ်။ ညှိနှိုင်းမှု လုပ်တယ်ဆိုတာ သူတို့ အစည်းအဝေး လုပ်တယ်။ တိုင်းမှူးတို့ မြို့နယ်မှူးတို့ အကုန်လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့ တောင်းဆိုတဲ့ တောင်းဆိုချက် ၄ ချက်လုံး ဘာမှ လုပ်ပေးတာ မရှိဘူး။ ညှိနှိုင်းတယ် အဆင်မပြေဘူးဆိုလည်း ၄ ချက်လုံး လျှော်လာရတယ်။ ဆက်လက်ပြီး စုပေါင်း တောင်းဆိုချင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အကြီးအကဲတွေကတောင် ဘာမှ မလုပ်ပေးနိုင်တာ။ ကျနော်တို့ ဘယ်သူ့ကို သွားပြောရမလဲ။ ကျနော်တို့မှာ အားကိုးရာမဲ့သွားတယ်။ အဲဒါကြောင့်မို့လို့ ILO ကို တိုင်ရတဲ့ အဆင့် ဖြစ်သွားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
ဟွာမြောင် အထည်ချုပ်စက်ရုံဘက်ကတော့ စက်ရုံရှိ အလုပ်သမားအားလုံးကို အလုပ်ရပ်စဲမှု နစ်နာကြေးနဲ့ သက်ဆိုင်ရာ ရပိုင်ခွင့်တွေကို နုတ်တစ်ကာလ ၁ လပြည့်တဲ့နေ့ အောက်တိုဘာ ၂၆ ရက်မှာ ပေးချေသွားမယ်လို့ ကြေညာထားပါတယ်။
တရုတ်နိုင်ငံသားပိုင် ဟွာမြောင် အထည်ချုပ်စက်ရုံဟာ ဂျပန်ဘရန်း Filedcore အမှတ်တံဆိပ် အထည်တွေ လက်ခံ ချုပ်ပေးခဲ့ပြီး အဲဒီ စက်ရုံမှာ အမျိုးသား အလုပ်သမား ၃၅ ယောက်၊ အမျိုးသမီး အလုပ်သမား ၃၃၈ ယောက်၊ စုစုပေါင်း ၃၇၄ ယောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။