Home
မြန်မာသတင်း
ကန်ကျနပူရီတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံရ
DVB
·
October 13, 2023
KanChaNaPuri_MyanmarWorkers_13102023

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေခံရဲတပ်ဖွဲ့၊ လဝကရဲနဲ့ အမှတ် ၁၃၄ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၁၂ ရက်က ဆန်ခလပူရီမြို့နယ်တွင်း ဥပဒေမဲ့မှု၊ ရာဇဝတ်မှုတွေ နယ်လှည့်စစ်ဆေး ဆောင်ရွက်စဉ် ည ၉ နာရီခွဲလောက်မှာ နောင်လူးကျေးရွာအုပ်စု၊ ရပ်ကွက် ၂၊ ဝပ်ဝမ်းဝိဝေကာရမ် ကျောင်းတိုက်အနီး မီးပွိုင့်နား ရောက်ခါနီးမှာ မသင်္ကာတဲ့ အီစူဇူး ဟိုက်လပ်စ်ကားတစီးကို စစ်ဆေးဖို့ မီးမောင်းထိုးပြီး ရပ်တန့်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ အနောက်က ရှေ့ဆင့်နောက်ဆင့်လိုက်လာတဲ့ အဖြူရောင်ဟိုင်းလပ်စ်ကားက အရှေ့ကနေ လာပိတ်ရပ်လိုက်ပြီး စစ်ဆေးဖို့ လိုအပ်တဲ့ကားက လမ်းဘယ်ဘက်ကိုချိုးကာ ဟွေ့မလိုင်းရွာဘက်ကို အရှိန်မြှင့် မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ထွက်ပြေးတဲ့ကားနောက် လိုက်သွားစဉ် ရှေ့ကပိတ်ရပ်ခဲ့တဲ့ကားကလည်း အမြန်မောင်းထွက်သွားကြောင်း၊ ထွက်ပြေးတဲ့ ပထမကားဟာ ကားကို လမ်းဘေးမှာ ရပ်ထားပြီး ကားမောင်းသမားက မှောင်ရိပ်ခိုပြီး ထွက်ပြေးလွတ်မြောက်သွားတယ်။

ကားရှေ့ခန်းမှာတော့ လူတွေ ပြည့်ညပ်တင်ဆောင်ထားသလို အနောက်ခန်းမှာလည်း မိုးကာနဲ့ လွှားထားတဲ့အောက်မှာ တရားမဝင် အလုပ်သမားတွေ လိုက်ပါလာတာတွေ့ရတယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။

အဆိုပါကားပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၇ ဦး လိုက်ပါလာပြီး မြန်မာပွဲစားအဆက်အသွယ်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို အလုပ်သွားလုပ်ဖို့ ဝင်လာတာလို့ ပြောပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၁၇ ဦးကို လဝကဥပဒေနဲ့ အရေးယူဖို့ ဆန်ခလပူရီရဲစခန်းကို ပို့ဆောင်ထားပြီး လမ်းပြကားနဲ့ ထွက်ပြေးသွားတဲ့ ကားမောင်းသမား ၂ ဦးလုံးကိုလည်း ဘယ်သူဘယ်ဝါဆိုတာ သိရှိထားပြီးဖြစ်တာမို့ ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024