ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဂိတ်စခန်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပါတယ်။
ဝူယန် ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က ဒရုန်းနဲ့ ဗုံးနှစ်လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပြည်သူ့စစ်အဖွဲ့ဘက်ကလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝူယန်ကျေးရွာဒေသခံတဦးက “ညနေ ၃ နာရီခွဲလောက်က ပြည်သူ့စစ်ဂိတ်ကို ကေအိုင်အေဘက်က ဒရုန်းနဲ့ ဗုံးလာကြဲတာ။ ကျနော်တို့ကြားလိုက်တာတော့ နှစ်လုံးလောက် ကြားလိုက်တယ်။ ဗုံးကြဲအပြီး ပြည်သူ့စစ်ဘက်ကလည်း သေနတ်တွေနဲ့ ရမ်းသန်းပစ်နေတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုကိုတော့ တိတိကျကျ မသိရသေးဘဲ တိုက်ခိုက်မှု ပြီးကတည်းက မော်တော်ယာဉ် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။
ဝိုင်းမော်မြို့နယ်ကနေ ကန်ပိုင်တည်မြို့သွားရာ လမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေကို ဦးရွှေမင်းရဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ဖွင့်ထားတာ ဖြစ်ပြီး ဂိတ်ကြီးတွေမှာတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းစစ်ဆေးကာ မော်တော်ယာဉ်တွေထံက ဆက်ကြေးတောင်းနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်စခန်းကို ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။