ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမိကာဝါဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဖန်ပရီဘဟီဒါနုခါရာနဲ့ အောက်တိုဘာ ၁၂ ရက်က ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးနှစ်ယောက် တွေ့ဆုံရာမှာ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ဆောင်ရွက်မှာ နှစ်နိုင်ငံ ဆက်လက်ပြီး နီးကပ်စွာ ဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
အာဆီယံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နဲ့ ထိုင်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း နှစ်နိုင်ငံဝန်ကြီးတွေက အတည်ပြုခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ အခြေအနေ အပါအဝင် နိုင်ငံတကာ အခြေအနေတွေကိုလည်း အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပါလက်စတိုင်းနဲ့ အစ္စရေး ပဋိပက္ခ အခြေအနေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပြီး အစ္စရေးနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဟားမတ်စ်တွေနဲ့ တခြားပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အပြစ်မဲ့ အရပ်သားတွေကို ပြန်ပေးဆွဲတာနဲ့ ပတ်သက်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချလိုက်ပါတယ်။
နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ သံတမန်ရေး၊ ဒစ်ဂျစ်တယ်၊ နည်းပညာတီထွင်မှု၊ လုံခြုံရေး၊ ယဉ်ကျေးမှု စတဲ့ကိစ္စတွေအတွက် ပြည်သူချင်း ဖလှယ်မှုတွေ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ဂျပန်ကုမ္ပဏီပေါင်း ၆,၀၀၀ လောက် လာရောက်လုပ်ကိုင်နေကြတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
အရှေ့တောင်အာရှဒေသဟာ ဆယ်စုနှစ်များစွာကြာအောင် ဂျပန်နိုင်ငံအတွက် အရေးပါတဲ့ဒေသတခု ဖြစ်ခဲ့ပြီး စက်မှုလုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ အင်ဂျင်နီယာနဲ့ စက်မှုဇုန်တွေ၊ မော်တော်ကားနဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ ထုတ်လုပ်ရေးအထိ အကြီးမားဆုံးသော ကုန်အမှတ်တံဆိပ်တချို့ကို လက်ခံ ထုတ်လုပ်ပေးနေပါတယ်။
အရှေ့တောင်အာရှဒေသဟာ အမေရိကန်နဲ့ ဂျပန်ရဲ့ ရင်းနှီးတဲ့မဟာမိတ် ဖြစ်သလို တရုတ်နဲ့ အရှေ့တောင်အာရှဒေသဟာလည်း အကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်လို့ သံတမန်ရေးရာ အတွက် အဓိက စစ်မြေပြင်လည်း ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြထားပါတယ်။
Source/Photo-Reuters