ပြီးခဲ့တဲ့လက ကမ္ဘာမြေပေါ် ပြန်ရောက်လာတဲ့ ဂြိုဟ်သိမ်ရဲ့ မြေသားနမူနာထဲမှာ ရေ၊ ကာဗွန်နဲ့ အော်ဂဲနစ် ဒြပ်စင်တွေကို တွေ့ခဲ့တယ်လို့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ) သိပ္ပံပညာရှင်တွေက အောက်တိုဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ဂျွန်ဆင် အာကာသဌာနမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဆာက စီမံခန့်ခွဲရေးမှူး ဘီလ်နယ်လ်ဆင်က ကမ္ဘာနားမှာရှိတဲ့ ဘန်နု ဂြိုဟ်သိမ်ရဲ့ အမှုန်အမွှားတွေကို ခွဲခြမ်းစိတ်ဖြာအပြီး တွေ့ဖူးသမျှ ဂြိုဟ်သိမ်ထဲမှာ ကာဗွန်ပါဝင်မှု အများဆုံးလို့ ပြောခဲ့ပါတယ်။
ဘန်နုလို ဂြိုဟ်သိမ်တွေရဲ့ မြေကြီးထဲမှာ မျိုးစေ့ကနေ အပင်ပေါက်နိုင်တဲ့ ဒြပ်စင်တွေအားလုံး ပါနေလို့ ကာဗွန်အခြေခံတဲ့ သက်ရှိတွေကို ဖြစ်ပေါ်စေတဲ့ လိုအပ်တဲ့ ဒြပ်စင်တွေ ပါဝင်ကြောင်း ပြသနေလို့ ဒီလိုရှာဖွေတွေ့ရှိမှုတွေက အရေးကြီးတယ်လို့လည်း နာဆာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဒီပစ္စည်းကို OSRIS-REx အာကာသယာဉ်က လွန်ခဲ့တဲ့သုံးနှစ်က စုဆောင်းခဲ့တာပါ။ ဒီယာဉ်ဟာ အမေရိကန်နိုင်ငံ ယူတာပြည်နယ်က သဲကန္တာရထဲကို လေထီးနဲ့ဆင်းသက်ခဲ့ပြီး အမေရိကန်အာကာသအေဂျင်စီနဲ့ အရီဇိုးနားတက္ကသိုလ်တို့ရဲ့ ခြောက်နှစ်ကြာ ပူးတွဲမစ်ရှင်ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။
တတိယမြောက် ဂြိုဟ်သိမ်နမူနာဖြစ်ပြီး စစ်ဆေးအကဲဖြတ်ဖို့ ကမ္ဘာမြေဆီ ပြန်သယ်လာခဲ့သမျှ ခုအချိန်အထိ အကြီးမားဆုံးဂြိုဟ်သိမ် ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အာကာသအေဂျင်စီကလည်း အလားတူ မစ်ရှင်နှစ်ခုအတွင်း ခွဲခြမ်းစိတ်ဖြာဖို့ ကမ္ဘာဆီ ဂြိုလ်သိမ်နမူနာတွေ သယ်လာခဲ့ဖူးပါတယ်။
တခြားဂြိုဟ်သိမ်ဂြိုဟ်မွှားတွေလိုပဲ ဘန်နုဂြိုဟ်သိမ်ဟာ အစောပိုင်း နေအဖွဲ့အစည်းရဲ့ အမွေအနှစ်တခုပါ။
မျက်မှောက်ခေတ် ဓာတုဗေဒနဲ့ ဓာတ်သတ္တုဗေဒအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံလောက်က ဂြိုဟ်သိမ် စတင်ဖွဲ့စည်းကတည်းက မပြောင်းလဲသလောက် ဖြစ်နေလို့ ဒီဂြိုဟ်သိမ်ဟာ ကမ္ဘာဂြိုဟ်လို ကျောက်ဆောင်ဂြိုဟ်တွေရဲ့ ဇာစ်မြစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဲလွန်စတွေကို ရရှိထားပြီး သက်ရှိတွေရဲ့ ဆင့်ကဲဖြစ်စဉ်တွေလို သဲလွန်စတွေ ရှိကောင်းရှိနေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Source/Photo-Reuters