မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသမှာ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းက အပြစ်မဲ့ပြည်သူ ၄ ယောက်ကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းကဆရာတော်ရဲ့ ကားတစီးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ တေးကျေးရွာကို အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော်လောက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အမျိုးသမီးတယောက်ရဲ့ ဓာတ်ပုံကိုပြကာ နေအိမ်တွေကို တအိမ်တက်ဆင်း မွှေနှောက်ခဲ့ကြပြီး ကျောင်းထိုင်ဆရာတော်ရဲ့ Kluger အနက်ရောင်ကားတစီးကို ယူဆောင်ကာ စာသင်ကျောင်းဝိုင်းထဲမှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ တေးကျေးရွာ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ဝင်လာတော့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာထဲမှာပိတ်မိနေတဲ့ ပြည်သူတွေကိုတော့ ဘုန်းကြီးကျောင်းကို ခေါ်ယူကာ PDF တွေနဲ့ မဆက်သွယ်ဖို့၊ လက်မခံဖို့ ဟောပြောပွဲလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ မနေ့ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းမှာ တောင်ပေါ်သား (ချင်းလူမျိုး) တယောက်ကို ပါးမှာ သေနတ်ပုံ တက်တူးထိုးထားလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ညပိုင်းမှာ တခေါက်ပြန်ဝင်တော့ ပြန်ခေါ်လာခဲ့တယ်လို့ ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှာ သူတို့စစ်ကြောင်း ပြန်ထွက်တော့ အဲဒီတောင်ပေါ်သားတယောက်အပြင် နောက်ထပ် တောင်ပေါ်သားတယောက်နဲ့ ရွာသား ၂ ယောက်ကို ဖမ်းဆီးကာ နှော်ကျေးရွာဘက်ကို ထွက်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဆောမြို့နယ်အတွင်းက ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ကြသလို ပြည်သူတွေရဲ့ ငွေကြေး၊ အဖိုးတန်ပစ္စည်းတွေကို အဓမ္မယူဆောင်ကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်လေ့ ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။