Home
မြန်မာသတင်း
လှည်းကူး ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော် အကူအညီလိုအပ်နေ
DVB
·
October 12, 2023
HleguFlood10_12102023
HleguFlood09_12102023
HleguFlood08_12102023
HleguFlood07_12102023
HleguFlood06_12102023
HleguFlood05_12102023
HleguFlood04_12102023
HleguFlood03_12102023
HleguFlood02_12102023
HleguFlood01_12102023

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ချောင်းရေတက်တာနဲ့ ဆည်ရေကြီးတာကြောင့် ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော်ဟာ အကူအညီများစွာ လိုအပ်နေတယ်လို့ ဒေသခံ ပရဟိတအသင်းတွေကဆီက သိရပါတယ်။

လှည်းကူးမြို့ ဖောင်ကြီးဘက်ရှိ ကျေးရွာတွေနဲ့ ရိပ်သာရပ်ကွက်၊ ရန်ကင်းရပ်ကွက်၊ သီတာအေးရပ်ကွက်၊ ငြိမ်းချမ်းဖြိုးရပ်ကွက်တွေမှာ အောက်တိုဘာ ၈ ရက်နေ့တည်းက မိုးသည်းထန်စွာ ရွာသွန်း‌တာ၊ ငမိုးရိပ်ရေ‌ေလှာင် ရေပိုလွှဲက ရေကျတာနဲ့ ငမိုးရိပ်ချောင်း‌ရေ တက်တာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လှည်းကူးမြို့နယ်မှာ ရေဘေးရှောင်စခန်း ၉ ခုက ရေဘေးရှောင် ၂,၀၀၀ ခန့်၊ နီးစပ်ရာ နှစ်ထပ်နေအိမ်တွေမှာ နေထိုင်သူအများအပြားနဲ့ ကျေးရွာ‌တွေရှိ ရေဘေးသင့်ပြည်သူ အများအပြားဟာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ သွားရေးလာရေး မလွယ်ကူတာကြောင့် အကူအညီများစွာ လိုအပ်နေတယ်လို့ ဒေသခံ ပရဟိတသမားတဦးက ပြောပါတယ်။

“လက်ရှိ ရေတက်နေတာက အပေါ်ရေနဲ့ အောက်ရေ နှစ်ခုတက်နေတာပေါ့။ အပေါ်ရေဖြစ်တဲ့ မိုးရေနဲ့ ဆည်ရေက ၃ လက်မလောက် ကျပေမဲ့ ရေကပေါက်လောက်ထိ ကျန်နေတုန်းပဲ။ အောက်ရေဆိုတာက ငမိုးရိပ်ချောင်းရေ တက်တာပေါ့၊ သူက စိုးရိမ်ရတယ်။ အခုက ရေထရက်ဖြစ်နေတော့ ဖောင်ကြီးဘက်ဆို တရက်နဲ့တရက် ပိုဆိုးလာတယ်။ အခုရေမြုပ်တဲ့ နေရာတွေမှာ လျှပ်စစ်မီးပျက်နေတာ ၄ ရက်ရှိပြီ။ အခုက သွားရလာရလည်း ခက်နေတာဆိုတော့ ဆင်းရဲချမ်းသာမရွေး အကူအညီ လိုအပ်နေတယ်။”

လှည်းကူးမြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေပြီး ဝမ်းသွားရာမှာ အခက်အခဲရှိတာကြောင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ရှိနေတယ်လို့ Hlegu Information Centre တာဝန်ရှိသူတဦးက ပြောပါတယ်။

“သောက်သုံးရေပြဿနာက တော်တော်ကြီးနေပါတယ်။ ကျနော်တို့‌ရောက်တဲ့ ကျေးရွာတွေ အကုန်လုံးကို ရေဆိုပြီး ရောမသောက်ဖို့၊ ရေသန့်ကိုသာ သောက်ဖို့ ဝမ်းရောဂါမဖြစ်အောင် ပညာပေးနေ‌ပါတယ်။ လှူတဲ့သူတွေကိုလည်း ရေသန့်ပါထည့်လှူပေးဖို့ တခါတည်း ကျနော်တို့ တိုက်တွန်းနေပါတယ်။ အစားအသောက်နဲ့ ဆေးဝါးတွေလည်း အများကြီး လိုအပ်နေတုန်းပါပဲ။ အဆိုးဆုံးကတော့ ဝမ်းသွားရတဲ့ ပြဿာနာပါ။ ဒီလိုမျိုး ရေတခါမှ မကြီးဘူးတော့ ဝမ်းသွားရ‌တဲ့နေရာမှာ အခက်အခဲတွေရှိပြီး နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေပါ ရှိနေတယ်။”

လှည်းကူးမြို့နယ်ရှိ ရပ်ကွက်တွေကိုသာ အလှူရှင်တွေ လာရောက်ကူညီပေးမှုတွေ ရှိပေမဲ့ ဖိုးအိမ်ကလေး၊ ကျင်မှန်ရှိုးအဝိုင်း၊ ရှမ်းရွာနဲ့ မလစ်အနောက်ဘက်ကျေးရွာတွေမှာ ရေနစ်မြုပ်မှု ဆိုးရွားနေပေမဲ့ အလှူရှင်ဝင်ရောက်မှု မရှိသေးတာကြောင့် အကူအညီများစွာ လိုအပ်နေပါတယ်။

လှည်းကူးမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်ကလည်း ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူ ၁,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024