ပါလက်စတိုင်းတွေဘက်က ထောက်ခံတဲ့အနေနဲ့ မွတ်စလင်ကမ္ဘာတဝန်း ဆန္ဒပြပွဲတွေကို သောကြာနေ့မှာ ပြုလုပ်ကြဖို့ ဟားမတ်စ်အကြီးအကဲဟောင်း ခါလဒ် မယ်ရှားလ်က တောင်းဆိုလိုက်ပြီး အစ္စရေးကို တိုက်ထုတ်ရာမှာ ပါဝင်ကူညီကြဖို့လည်း အိမ်နီးချင်းနိုင်ငံတွေက ပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။
အစ္စရေးက ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြေပြင်ထိုးစစ်နဲ့ အရှိန်မြှင့်မယ်လို့ ကတိပြုထားပေမဲ့ အစ္စရေး တိုက်လေယာဉ်တွေဟာ ဗုဒ္ဓဟူးနေ့က ညတွင်းချင်းပဲ ဂါဇာကမ်းမြောင်ဒေသရှိ ပစ်မှတ် ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ ဟားမတ်စ်အကြီးအကဲဟောင်းက တောင်းဆိုလိုက်တာပါ။
ဟားမတ်စ်အကြီးအကဲဟောင်း မယ်ရှားလ်က“တိုက်ပွဲရဲ့ တစိတ်တပိုင်းအဖြစ် ပါလက်စတိုင်းနဲ့ အတူရှိနေကြောင်း၊ ဂါဇာ၊ အယ်လ်အက်ဆာ၊ ဂျေရုဆလင်တို့နဲ့ အတူရှိနေကြောင်းကို အာရပ်ကမ္ဘာနဲ့ မွတ်စလင်ကမ္ဘာရဲ့ လမ်းတိုင်း၊ ထောင့်တိုင်းကို သတင်းစကား ပို့ပေးဖို့နဲ့ ဂါဇာဟာ ကူညီကယ်ဆယ်ရေးနဲ့ ငွေကြေး၊ ပိုင်ဆိုင်ထားသမျှ၊ အကူအညီပေးနိုင်သူ မှန်သမျှကို အကူအညီ တောင်းခံနေတာဖြစ်တယ်” လို့ တောင်းဆို ဆော်ဩထားပါတယ်။
ပါလက်စတိုင်းတို့ကို ထောက်ပံ့ကူညီဖို့အတွက် ဂျော်ဒန်၊ ဆီးရီးယား၊ လက်ဘနွန်နဲ့ အီဂျစ်တို့က အစိုးရတွေနဲ့ ပြည်သူတွေမှာ ကြီးမားတဲ့ တာဝန်တွေ ရှိနေတယ်လို့လည်း လက်ရှိ ဟားမတ်စ်ရဲ့ ပြည်ပရောက် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ဝန်ကြီးဌာနရဲ့ အကြီးအကဲ မယ်ရှားလ်က ရိုက်တာကိုပေးပို့တဲ့ မှတ်တမ်းတခုထဲမှာ ပြောကြားထားပါတယ်။
“ဘုရားသခင်အလိုတော်နဲ့ ဂျီဟဒ်ကို သင်ကြားပေးတဲ့ ပညာရှင်တွေ၊ တိုက်ပွဲဝင်နေသူတွေနဲ့ အာဇာနည်တွေကို ဟောပြောခဲ့သူတွေ၊ သင်ပေးသူနဲ့ သင်ယူသူတွေ အားလုံးသို့ … အခုအချိန်ဟာ သင်ယူထားတဲ့ သီအိုရီတွေကို စကားလုံးသက်သက် မဟုတ်ဘူးဆိုတာကို လက်တွေ့အသုံးချဖို့ အချိန်အခါဖြစ်တယ်” လို့လည်း မယ်ရှားလ်က ပြောထားပါတယ်။
ဂျော်ဒန်နဲ့ လက်ဘနွန်တို့ဟာ ပါလက်စတိုင်း ဒုက္ခသည်ဦးရေ အများဆုံးနေထိုင်ရာ နိုင်ငံတွေ ဖြစ်ပါတယ်။
လူထူထပ်တဲ့ ကမ်းရိုးတန်းဒေသမှာ အနည်းဆုံး လူ ၉၅၀ သေဆုံးပြီး ၅,၀၀၀ လောက် ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters