ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက ဈေးဝယ်ထွက်လာတဲ့ အခွန်ဦးစီးဌာန အရာရှိနှစ်ယောက် အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မှော်ဝမ်းရပ်ကွက်အတွင်းကို ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ အခွန်ဦးစီးဌာန ဒုဦးစီးမှူး ဦးစိုးလင်းထက်နဲ့ လက်ထောက်ဦးစီး ဦးမျိုးသန့်ဟိန်းကျော်တို့ နှစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။
မှော်ဝမ်းဒေသခံတဦးက “နေ့လယ် ၃ နာရီလောက်က မှော်ဝမ်းရပ်ကွက်ထဲကို ဈေးလာဝယ်တဲ့ အခွန်ရုံးက ဦးစီးနှစ်ယောက်ကို ဖမ်းသွားတယ်။ သူတို့နှစ်ယောက်က ခြေကျင်လျှောက်လာတာ။ အိမ်စီးကားနဲ့ အရပ်ဝတ် လက်နက်ကိုင်အဖွဲ့က သေနတ်တွေချိန်ပြီး ကားထဲထည့် ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းလဲတော့ မသိဘူး” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ် အခွန်ဦးစီးဌာန ဒုဦးစီးမှူးနဲ့ လက်ထောက်ဦးစီးတို့ နှစ်ဦးကို ဘယ်အဖွဲ့က ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်ကလည်း အခွန်ဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကို ဆိုသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးစဉ် ထွက်ပြေးခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။