Home
ဆောင်းပါး
နွေဦးတော်လှန်ရေးအတွက် လိုအပ်နေတဲ့ နိုင်ငံတကာ ချဉ်းကပ်ဆောင်ရွက်မှု (Advocacy)
DVB
·
October 11, 2023
Article_11102023

ပထမဦးဆုံးအနေနဲ့  Advocacy ဆိုတာဘာလဲဆိုတဲ့ စကားကနေ စရမယ် ထင်ပါတယ်။ ဒီဝေါဟာရရဲ့ အဓိပ္ပာယ်ကို ကျနော်တို့ မြန်မာတွေကိုယ်တိုင် ရှင်းရှင်းနားလည်နိုင်ဖို့ လိုပါတယ်။ ဒါက အခုလုပ်နေတဲ့ နွေဦးတော်လှန်ရေးအတွက်လည်း အရေးကြီးပါတယ်။ ချီတက် ဆန္ဒဖော်ထုတ်တာဟာ Advocacy တမျိုး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ Advocacy ဆိုတာကို နိုင်ငံရေးလှုပ်ရှားသူ အများစုက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဆီနိတ်တာတွေနဲ့ ဆက်သွယ်တာ၊ စာအပေးအယူလုပ်တာ၊ ဆွေးနွေးတိုင်ပင်တာမျိုးတွေကို ရည်ညွှန်းလေ့ရှိပါတယ်။ တကယ်တော့ Advocacy ရဲ့ သဘောကတော့ ဒါထက် ကျယ်ပြန့်ပါတယ်။

ဥပမာ အမေရိကားမှာရှိနေတဲ့ မြန်မာအသိုင်းအဝိုင်း ကနေပြီး အမေရိကန်ပြည်‌ထောင်စုရဲ့ သမ္မတနဲ့အတူ အစိုးရရုံးအဖွဲ့ကိုပဲဖြစ်စေ၊ ကွန်ဂရက်ကိုပဲဖြစ်စေ သူတို့ကို သိစေချင်တဲ့ အကြောင်းအရာတွေကို အချိန်မနှောင်းဘဲ ပေးပို့ အသိပေးတာတွေကလည်း Advocacy တမျိုးပါပဲ။ ဒါကြောင့် အခုအချိန်မှာ တော်လှန်ရေးအတွက် ကဏ္ဍပေါင်းစုံက ပါဝင်နေကြသူတွေဟာ တနည်းမဟုတ်တနည်း Advocacy လုပ်နေကြတဲ့သူတွေလို့ ပြောရမှာပါ။ ဒါပေမဲ့ ဘယ်လို ထိရောက်အောင်လုပ်မလဲ ဆိုတာကသာ ပိုပြီးတော့ အလေးထားသင့်တဲ့ အပိုင်းလို့ မြင်ပါတယ်။ တနည်းအားဖြင့် လုပ်ပိုင်ခွင့် အာဏာရှိသူတွေကို လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပေးပြီး ကိုယ့်လူ့အဖွဲ့အစည်းအတွက် တောင်းဆိုမှုတွေ ပြုလုပ်နေတာဟာ Advocacy လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ဘာကြောင့် Advocacy လုပ်သင့်သလဲ

Advocacy ကို ဘာကြောင့်လုပ်သင့်သလဲ ဆိုရင် လုပ်ဖို့လိုအပ်လာတဲ့ အခြေအနေတွေကြောင့်လို့ ပြောရမှာပါ။ ဥပမာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲ ဒေါက်တာအေးမောင်နဲ့ ဒေါ်စန္ဒာမင်းတို့ စစ်ကောင်စီအတွက် ဂျပန်ကိုသွားပြီး စည်းရုံးရေး လုပ်နေတာ၊ ဩစတြေးလျနိုင်ငံကိုသွားပြီး စည်းရုံးဖို့ ကြိုးစားနေတာတွေ ရှိပါတယ်။ အလားတူပဲ လွန်ခဲ့သော နှစ်နှစ်ခွဲအတွင်း စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကုလသမဂ္ဂက အောင်မြင်အောင် ကိုင်တွယ်ဖို့ ပျက်ကွက်တာတွေ ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံက စစ်ကောင်စီကို လက်နက်ရောင်းချနေတာတွေ ရှိပါတယ်။ ဒါတွေက မြင်သာတဲ့အချက်တွေပါ။ Advocacy လုပ်ရမယ့် အပိုင်းတွေပါ။

အလားတူပဲ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လျာထားသတ်မှတ်ချက် ဥပဒေ (State Department Appropriations Bill) မှာ ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့မယ်ဆိုတဲ့ အချက်ကို ထည့်သွင်းဖို့ အထက်လွှတ်တော်က အဆိုပြုထားပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော် (House of Representatives) ရဲ့ လျာထားချက်ချမှတ်ရေး ကော်မတီက သန်း ၅၀ ကိုသာ ချပေးဖို့ အဆိုပြုပြန်ပါတယ်။

ဒါတွေဟာ လတ်တလောကို Advocacy လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အခင်းအကျင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ အရာတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသနိုင်ဖို့ပဲဖြစ်ဖြစ်၊ မိမိတို့လိုအပ်ချက်တွေကို တောင်းဆိုနိုင်ဖို့ပဲဖြစ်ဖြစ် ပြည်ပရောက် မြန်မာတွေအနေနဲ့ လေးလေးနက်နက် Advocacy လုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိလာပါတယ်။ တကယ်တော့ လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အကူအညီဆိုတာက တကယ်ကို လိုအပ်နေတာပါ။

နိုင်ငံတကာ အကူအညီ တကယ်ထိရောက်ရဲ့လား ….

ဒီနေရာမှာ တချို့ကလည်း နိုင်ငံခြားအကူအညီကို အောက်ကျနောက်ကျခံ တောင်းစရာမလိုဘူး၊ ကိုယ့်အားကိုယ်ကိုးပြီး တိုက်ယူမယ်ဆိုတဲ့ အမြင်ရှိကြပါတယ်။ ဒါက ရာနှုန်းပြည့် မမှန်ပါဘူး။  နိုင်ငံတကာရဲ့ ထောက်ခံမှုကို နွေဦးတော်လှန်ရေးက လိုကိုလိုအပ်ပါတယ်။ နိုင်ငံရေးအရ ထောက်ခံမှုပဲဖြစ်ဖြစ် အနည်းဆုံးတော့ လိုအပ်တာ အမှန်ပါပဲ။ လက်ရှိအချိန်အထိ စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ် မပြုသေးတာ၊ ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေသေးတာတွေက နိုင်ငံတကာရဲ့ ထောက်ခံမှုကြောင့်ဆိုတာ သတိပြုစေချင်ပါတယ်။ အခုဖြစ်နေတာက ပြည်ပရောက်တွေထဲမှာတောင် အမေရိကန် အကူအညီက မထိရောက်ပါဘူး။ အဲဒီအတူတူတော့ ကိုယ့်ဘာသာကိုယ်ပဲ တိုက်မယ်၊ ဘယ်သူ့အကူအညီမှ မလိုဘူးဆိုတဲ့ အတွေးတွေ ဝင်လာကြတာမျိုးတောင် ရှိပါတယ်။ တကယ်တော့ အဲဒီလို မြင်လို့မရသေးပါဘူး။

ဥပမာ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်း တည်မြဲနေတာဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ မပြောနိုင်သလို ပြည်ပအကူအညီကင်းတယ်လို့လည်း ပြောလို့မရပါဘူး။ အမေရိကန်နဲ့ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေက ထိရောက်မှု မရှိဘူးလို့ ပြောလို့မရပါဘူး။ ဒီပိတ်ဆို့မှုတွေကြောင့်ပဲ စစ်ကောင်စီ မျက်ဖြူဆိုက်နေတာပါ။ မိုခါမုန်တိုင်းမှာ နိုင်ငံတကာက အကူအညီပေးခဲ့တာတွေ ရှိပါတယ်။ ထိရောက်မှုရှိမရှိ ဆိုတာကသာ သီးခြားဆွေးနွေးရမယ့် အပိုင်းပါ။ ဒီကိစ္စမှာလည်း နိုင်ငံတကာကို ကောင်းကောင်းရှင်းပြနိုင်ဖို့  Advocacy လုပ်နိုင်ဖို့ လိုပါတယ်။ ဒါကို အားလုံးကို ခြုံငုံစဉ်းစားပြီးမှ နိုင်ငံတကာ အကူအညီကို ရှုတ်ချသင့်၊ မရှုတ်ချသင့် စဉ်းစားစေချင်ပါတယ်။ တလွဲဆံပင်မကောင်းဖို့လည်း သတိထားရမှာ ဖြစ်ပါတယ်။ အားမလို အားမရ ဖြစ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအကူအညီကတော့ ပစ်ပယ်လို့ရတဲ့အရာ မဟုတ်ပါဘူး။

တခုတော့ရှိပါတယ်။ အကူအညီဆိုတာကတော့ တောင်းချင်သလောက် တောင်းလို့မရနိုင်သလို တောင်းသလောက်လည်း ရချင်မှရတာပါ။ တချိန်တည်းမှာပဲ တောင်းသင့်တာကိုပဲ တောင်းဖို့နဲ့ တောင်းနည်း မှန်ကန်ဖို့လည်း လိုပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် တောင်းဆိုမှုဟာ ရှက်စရာလည်း မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဟာ လေးစားစရာကောင်းပေမဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် ရှေ့မျက်နှာ နောက်ထားရတာတွေလည်း ရှိနိုင်ပါတယ်။

ကုလသမဂ္ဂကတဆင့် သွားနေတဲ့ အကူအညီတွေ ထိရောက်ရဲ့လား

စောစောကပြောတဲ့ နိုင်ငံတကာ အကူအညီတွေ ကုလသမဂ္ဂကတဆင့် ပြည်တွင်းကိုသွားနေတဲ့ ပုံစံက ထိရောက်မှု ရှိမရှိ ဆိုတဲ့အပိုင်းကို ဆက်ပြီး ရှင်းပြချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအတွက် အကူအညီပေးတဲ့အခါ ငွေကြေးအကူအညီ အများစုကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတဆင့်သာ ပေးခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်ထဲကို တိုက်ရိုက်ထည့်ပေးလေ့ မရှိပါဘူး။ တိုက်ရိုက်ပေးတဲ့ ပုံစံမျိုးနဲ့လည်း NUG တပြားတချပ်မှ ရရှိထားတာ မရှိပါဘူး။ ဒီအနေအထားမှာပဲ EAO တွေ၊ ERO တွေ၊ PDF တွေနဲ့ စိတ်ဝမ်းကွဲအောင် လုပ်ဆောင်နေတာမျိုးလည်း တွေ့ရပါတယ်။ ဥပမာ NUG က အမေရိကန်အစိုးရဆီက ငွေတွေကို ရယူပြီး အလွဲသုံးစားလုပ်နေတယ်ဆိုတဲ့ ပုံစံမျိုး ဝါဒဖြန့်တာမျိုးတွေအထိ ရှိနေပါတယ်။ ဒီငွေတွေဟာ INGO၊ NGO၊ CSO တချို့တွေဆီကို ရောက်ကြတာတော့ ရှိပါတယ်။ NUG ကတော့ ခွဲတမ်းမဝင်ပါဘူး။ ဒါပေမဲ့ ဒီလို ခွဲတမ်းချတဲ့အထဲမှာလည်း အကျိုးစီးပွားချင်း ထိပ်တိုက်ဖြစ်လာမလား ဆိုတဲ့အတွေးနဲ့ ကြိုကာတာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း NUG အစိုးရဟာ နာမည်ကြီးထမင်းငတ် ဖြစ်နေပြီလို့တောင် ပြောလို့ရပါတယ်။ သူ့အကွက်နဲ့ သူလုပ်ကြတာမို့ NUG အတွက် မပြောသာတဲ့ အပိုင်းတွေ ရှိပါတယ်။

တကယ်တော့ အမေရိကန်ပြည်ထောင်စုက ပေးတဲ့ငွေတွေက NUG လက်ထဲကို တိုက်ရိုက်စီးဆင်းမှု ရှိမနေပါဘူး။ ဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အမေရိကန်ရဲ့ အထောက်အကူက သိပ်ပြီး ထိရောက်မှုမရှိဘူးဆိုတဲ့ အသံတွေ ထွက်လာတာပါ။ နိုင်ငံတကာအကူအညီက မထိရောက်ဘူးဆိုတဲ့ အမြင်တွေကို ဦးတည်ကုန်တဲ့အထိ ဖြစ်လာရတာလည်း ဒီ အရှိတရားတွေကြောင့်ပါပဲ။ ဒီလို မထိရောက်လို့လည်း အမေရိကန်က မြန်မာနိုင်ငံအတွက်ပေးမယ့် ၂၀၂၄ ခုနှစ်အတွက် ဘတ်ဂျက်နဲ့ ပတ်သက်ရင်လည်း လျှော့ပေးမယ်ဆိုရင်တောင် ဒီအပေါ်မှာ ဂရုစိုက်မနေသင့်ဘူးဆိုတဲ့ ပြောဆိုမှုတွေ ရှိလာတာပါ။ ဒီလိုပြောဆိုတာမျိုးထက် ဖြစ်သင့်တာကတော့ ရနိုင်သလောက် ရယူသင့်ပြီး သူတို့ပေးတဲ့ ဘတ်ဂျက်အပေါ်မှာသာ ဘယ်လို ထိရောက်တဲ့ နည်းလမ်းနဲ့ ခွဲဝေပေးသင့်ပါတယ် ဆိုတာမျိုး တင်ပြ တောင်းဆိုခြင်းက ပိုပြီး အဓိပ္ပာယ်ရှိလိမ့်မယ်လို့ မြင်ပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့တွေရဲ့ အမှားမကင်းတဲ့ စီမံဆောင်ရွက်မှု

ဒီနေရာမှာ ဆောင်းပါးတခုမှာ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မစ္စတာခရစ်စတိုဖာ ဂါးနစ် ရေးသားဖော်ပြထားတာလေးကိုလည်း ကောက်နုတ်တင်ပြချင်ပါတယ်။ အလှူရှင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂရဲ့ ပုံမှန်သွားရိုးသွားစဉ်ပုံစံမျိုးကို လွှတ်ပေးထားတာမျိုးထက် တခြားနည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ စစ်အုပ်စုဟာ သူတို့ထိန်းချုပ်ထားတဲ့ ဧရိယာအတွင်းကိုသာ အကူအညီတွေ ဖြန့်ဝေပေးဖို့ ကုလကို တိုက်တွန်းလေ့ရှိပါတယ်။ တကယ်တမ်းမှာ စစ်အုပ်စု ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ဧရိယာတွေ အများကြီးရှိနေပါတယ်။ ဒီလိုနေရာတွေကို နယ်စပ်ဖြတ်ကျော် အကူအညီပေးနိုင်ရေး အတွက်သာ အရှိန်မြှင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံသားအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တွေက တဆင့် အကူအညီတွေပေးတာက ပိုထိရောက်မယ်လို့ မြင်ပါတယ်။ အလားတူပဲ အကူအညီတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ ဧရိယာတွေကို ရောက်အောင်ပေးနိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်။ တဖက်မှာလည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဘက်က စစ်အုပ်စုကို သံတမန်ရေးအရ သီးခြား အဆက်အသွယ် ဖြတ်သင့်ပါတယ်။ NUG နဲ့ ပိုမိုနီးနီးကပ်ကပ် လုပ်ဆောင်ရလိမ့်မယ်လို့ ရေးထားတာ တွေ့ရပါတယ်။

လက်ရှိအနေအထားမှာ မြန်မာဟာ ကုလသမဂ္ဂအတွက် စမ်းသပ်မှုကိစ္စတခု ဖြစ်သလို အောင်မြင်နိုင်ခြေရှိတဲ့ စမ်းသပ်မှုတခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စံနမူနာပြ အပြောင်းအလဲတခုကို မလုပ်နိုင်ဘူးဆိုရင်တော့ ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာမှု အကူအညီ ပေးနေပေမဲ့လည်း ပြည်သူတွေကတော့ ခံစားရမှာ မဟုတ်ပါဘူး။ အမဲဖျက်ခံရတာပဲ ရှိမယ်ဆိုပြီးလည်း သုံးသပ်ထားပါတယ်။ ဆီးရီးယားက အာဆတ်အစိုးရက ကုလသမဂ္ဂက ပေးတဲ့ အကူအညီတွေကို ကြားဖြတ် အလွဲသုံးစားလုပ်ခဲ့သလို မင်းအောင်လှိုင်ကလည်း လုပ်နေနိုင်ပါတယ်။ ဒါကြောင့် ဆီးရီယားမှာ နိုင်ငံတကာက ဘယ်လောက် ပိတ်ဆို့အရေးယူမှုတွေ လုပ်လုပ် ဆယ်နှစ်ကျော်ကြာသွားတဲ့အထိ တောင့်ခံနေနိုင်ခဲ့တာကို မမေ့ကြဖို့ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီအချက်တွေကို အကိုးအကားနဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို တင်ပြနိုင်ဖို့ လိုတယ်လို့ မြင်မိပါတယ်။

ကုလသမဂ္ဂရဲ့ အကူအညီတွေကို  ပြည်သူတွေ တကယ်လက်ခံရရှိရဲ့လား

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတာတွေက ဆီးရီယားမှာဖြစ်နေတဲ့ ပုံစံမျိုးနဲ့ အလားသဏ္ဌာန် တူပါတယ်။ ဥပမာဆိုရင် ၂၀၂၃ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီ သန်း ၈၀ နီးပါး ပေးခဲ့ပြီးပါပြီ။ အဲဒီအထဲက ၆၄ သန်းနီးပါးက ကုလသမဂ္ဂကတဆင့် ပေးလိုက်တဲ့ငွေတွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (WFP) တခုတည်းကို သန်း ၅၀ ပေးထားပါတယ်။ ဒါပေမဲ့ အဲဒီသန်း ၅၀ သော အကူအညီကို ပြည်သူတွေ တကယ်ရရဲ့လား ဆိုတာနဲ့ ပတ်သက်ရင် ဘာမှ ထင်သာမြင်သာ မရှိပါဘူး။

ဒါကြောင့် မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ဒီအဖြစ်ကို ဥပမာထားပြီး ကွန်ဂရက်ကတဆင့် တိုက်တွန်းရမှာတွေ ရှိလာပါတယ်။ တကယ်တော့ အမေရိကန်အစိုးရက အကူအညီပေးလိုက်တဲ့ ငွေတွေဟာ ပြည်သူလူထုရဲ့ အခွန်တွေ ဖြစ်ပါတယ်။ အဲဒီငွေတွေဟာ စစ်ကောင်စီလက်ထဲဲကနေ တဆင့်သွားရတာမျိုးဟာ ဖြစ်သင့်သလား၊ ထိရောက်မှုရှိရဲ့လား၊ ထိရောက်အောင် ဘယ်လိုပုံစံမျိုးနဲ့ သွားနိုင်မလဲ၊ ဘယ်လိုလမ်းကြောင်းတွေကို ပြောင်းလဲဖော်ဆောင်ပေးနိုင်မလဲ၊ ဖြစ်နိုင်ခြေရှိတဲ့ အနေအထားကို တင်ပြတောင်းဆိုနိုင်ဖို့ လိုပါတယ်။ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေ လွဲချော်နေတဲ့ အနေအထားမှာ နည်းလမ်းသစ်တခုနဲ့ ပြည်သူလူထုလက်ထဲ ရောက်ရှိနိုင်ဖို့ တောင်းဆိုမှုတွေကို မလွဲမသွေ ပြုရမှာ ဖြစ်ပါတယ်။

၂၀၂၄ အတွက် အမေရိကန်နိုင်ငံကနေ အကူအညီ ဘယ်လောက်ရနိုင်မလဲ

၂၀၂၄ ခုနှစ်မှာ မြန်မာပြည်အတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့မယ်ဆိုပြီး “အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လျာထားသတ်မှတ်ချက် ဥပဒေ (State Department Appropriations Bill) မှာ ထည့်သွင်းဖို့ အမေရိကန်အထက်လွှတ်တော်ရဲ့ (Appropriation Committee) က အနှေးနဲ့အမြန်ဆိုသလို တင်သွင်းတော့မှာပါ။

တချိန်တည်းမှာပဲ အောက်လွှတ်တော် (House of Representatives) ရဲ့ Appropriation committee ကလည်း မြန်မာပြည်အတွက် သန်း ၅၀ မျှသာ ချပေးဖို့ သူ့ရဲ့ အောက်လွှတ်တော်ကို တောင်းဆိုဖို့ ပြင်ဆင်နေကြပါတယ်။ တကယ်လို့ အောက်လွှတ်တော် အဆိုသာ အတည်ဖြစ်သွားရင် ကျနော်တို့ မြန်မာနိုင်ငံတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်းအစား သန်း ၅၀ သာ ရပြီး သန်း ၇၀ လောက် နစ်နာနာသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုလာပါတယ်။

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍ

ဒီနေရာမှာ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍဟာ အတော်ကို အရေးကြီးပါတယ်။ သူတို့ဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်တဲ့အတွက် ကွန်ဂရက်ကို တောင်းဆိုခွင့် ရှိနေကြပါတယ်။ ညီညီညွတ်ညွတ်နဲ့ အစွမ်းကုန် တောင်းဆိုနိုင်ဖို့ပဲ လိုပါတယ်။ အမေရိကားရောက် မြန်မာတွေ အချင်းချင်းစည်းရုံးပြီး ညှိနှိုင်းလုပ်ဆောင်နိုင်ကြောင်း ပြနိုင်ရင် ကွန်ဂရက်က မြန်မာတွေရဲ့ တောင်းဆိုမှုတွေကို ပိုအလေးထားလာကြပါလိမ့်မယ်။ အကျိုးရှိမှာလည်း သေချာပါတယ်။ အလားတူပဲ တခြား လူမျိုးစုတွေကိုပါ စည်းရုံးနိုင်ရင်လည်း ပိုပြီး ထူးခြားကောင်းမွန်ပါလိမ့်မယ်။ ဥပမာအားဖြင့် သန်း ၅၀ အစား ၁၂၁ သန်းကိုသာ အတည်ပြုပေးကြဖို့ အမေရိကန်နိုင်ငံသား “မြန်မာ-အမေရိကန်”တွေ အနေနဲ့ မိမိရဲ့ လွှတ်တော်အမတ်တွေကို email ပို့ တိုက်တွန်းနိုင်ပါတယ်။

အမေရိကန်ကွန်ဂရက်မှာ အထက်လွှတ်တော်မတ် ၁၀၀ နဲ့ အောက်လွှတ်တော်အမတ် ၄၃၅ ဦး ရှိပါတယ်။ တချို့ လော်ဘီလုပ်တဲ့လူတွေကတော့ နီးစပ်ရာအမတ်တွေနဲ့ တွေ့ကြပြီး အဲဒီကနေတဆင့် တောင်းဆိုကြတာလည်း ရှိပါတယ်။ ဒီနည်းအပြင် သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို စာနဲ့တင်ပြပြီး တောင်းခွင့်ရှိကြပါတယ်။ အများစုကသာ ဒီလိုတောင်းဆိုမှုတွေ ပြုလုပ်ပေးနိုင်မယ်ဆိုရင် ထိရောက်နိုင်ပါတယ်။ ဥပဒေတိုင်းဟာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရတာပါ။ ဒါကြောင့် အမတ်တွေကိုယ်တိုင် နားလည်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံကို ဘယ်သူက စေတနာမှန်နဲ့ ကိုယ်စားပြုနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးနိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ လူတဦး အဖွဲ့တဖွဲ့က လုပ်ကိုင်တာမျိုးထက် စုပေါင်းအားနဲ့ လုပ်ကိုင်တာမျိုးက ပိုမိုထိရောက်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

ဂျိမ်းရွှေ (LA-2M)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024