ပြင်သစ်စစ်တပ်ယာဉ်တန်းတွေဟာ နိုင်ဂျာနိုင်ငံ အနောက်တောင်ပိုင်းရှိ အခြေစိုက်စခန်းတွေကနေ စတင်ဆုတ်ခွာနေပြီး အနောက်အာဖရိကဒေသရဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဆာဟဲလ်ဒေသကနေ ပြင်သစ်ရဲ့ သြဇာလွှမ်းမိုးမှုကို နောက်ထပ် ထိုးနှက်ချက်တရပ်အဖြစ် နိုင်ဂျာစစ်အစိုးရရဲ့ တောင်းဆိုချက်အတိုင်း စတင်ထွက်ခွာမှုလည်း ဖြစ်ပါတယ်။
ပြင်သစ်တပ်ဖွဲ့ဝင်တွေကို သယ်ဆောင်လာတဲ့ ပစ်ကပ်ထရပ်ကားတွေနဲ့ သံချပ်ကာယာဉ်တွေဟာ အောက်တိုဘာ ၁၀ ရက်က မြို့တော် နီယာမေရဲ့ ဖုန်ထူတဲ့ ဆင်ခြေဖုံးတွေကို ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း ရိုက်တာသတင်းထောက်တဦးက ပြောကြားခဲ့ပါတယ်။
ပြင်သစ်တပ်တွေ ဆုတ်ခွာရုပ်သိမ်းမှုဟာ နောက်နေ့မှာ စတင်လိမ့်မယ်လို့ စစ်အစိုးရက တနင်္လာနေ့ နှောင်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ဖတ်ကြားကြေညာချက်ထဲမှာ တခါတရံ လုံခြုံမှုမရှိတတ်တဲ့ နယ်မြေကို ဖြတ်ပြီး ကီလိုမီတာ ရာနဲ့ချီတဲ့ နိုင်ဂျာနိုင်ငံမှ ချဒ်နိုင်ငံကို ထွက်ခွာလာတဲ့ ခရီးလမ်းတလျှောက် ပြင်သစ်စစ်သား ၁,၅၀၀ လောက် ပါဝင်နေတဲ့ တပ်ဖွဲ့လှုပ်ရှားမှုတွေမှာ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်မှုကို စစ်အစိုးရက တောင်းဆိုခဲ့ပါတယ်။
ပြင်သစ်စစ်မှုထမ်း ဒါဇင်အနည်းငယ်ဟာ တနင်္လာနေ့က စစ်လေယာဉ်နဲ့ နိုင်ဂျာနိုင်ငံကနေ ထွက်ခွာလာခဲ့ကြောင်း လေဆိပ်ဝန်ထမ်းတဦးနဲ့ လေယာဉ်ခရီးစဉ်နဲ့ နီးစပ်တဲ့ တခြးသတင်းရင်းမြစ် ၂ ခုတို့က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters