နေပြည်တော်ကောင်စီနယ်မြေအတွင်းက မြို့နယ် ၈ မြို့နယ်မှာ အီလက်ထရောနစ် မဲပေးစက် အသုံးပြုပြီး လက်တွေ့ မဲပေးပုံနည်းစနစ်တွေ သရုပ်ပြတာကို တမြို့နယ်ချင်းစီမှာ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းက ပြည်သူတွေအနေနဲ့ အီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုပြီး လက်တွေ့မဲပေးနိုင်ဖို့ မဲပေးပုံနည်းစနစ်တွေ ရှင်းလင်းသရုပ်ပြတာကို လာရောက်လေ့လာနိုင်ကြောင်းနဲ့ ကိုယ်တိုင် လက်တွေ့မဲပေးတာတွေ ဆောင်ရွက်နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
လက်ရှိမှာ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေမှာ ၂၀၂၃ ခုနှစ် သြဂုတ် ၁၄ ရက်က စတင်ပြီး နောင်ရွေးကောက်ပွဲတွေမှာ အီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုပြီး မဲပေးပုံနည်းစနစ်တွေ ရှင်းလင်းပြတာ၊ ဝန်ထမ်းတွေကိုယ်တိုင် လက်တွေ့မဲပေးတာတွေကို ဆောင်ရွက်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
နေပြည်တော် ၈ မြို့နယ်အတွင်း အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပြီး မဲပေးပုံနည်းစနစ် သရုပ်ပြ ရှင်းလင်းတာတွေကို ဥတ္တရသီရိမြို့နယ်မှာ အောက်တိုဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ပြုလုပ်ဖို့ စီစဉ်နေတာပါ။
ပုဗ္ဗသီရိမြို့နယ်မှာ ၁၇ ရက်ကနေ ၂၀ ရက်အထိ၊ ဇေယျာသီရိမြို့နယ်မှာ ၂၃ ရက်ကနေ ၂၇ ရက်အထိ၊ တပ်ကုန်းမြို့နယ်မှာ ၃၁ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ၊ ပျဉ်းမနားမြို့နယ်မှာ နိုဝင်ဘာ ၇ ရက်ကနေ ၁၃ ရက်အထိ၊ ဒက္ခိဏသီရိမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်ကနေ ၁၇ ရက်အထိ၊ လယ်ဝေးမြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၄ ရက်အထိ၊ ဇမ္ဗူသီရိမြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ တမြို့နယ်ချင်းစီအလိုက် ပြုလုပ်သွားမယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပပေးပြီး ပြည်သူ့လက်ထဲ အာဏာပြန်အပ်မယ်လို့ အကြိမ်ကြိမ်ပြောနေပေမဲ့ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကိုတော့ ကြေညာတာ မရှိသေးပါဘူး။