ပါရာဂွေးနိုင်ငံရဲ့ အကြီးဆုံးအကျဉ်းထောင်က အကျဉ်းသားတွေဟာ အောက်တိုဘာ ၁၀ ရက်က ဆူပူအုံကြွခဲ့ကြပြီး အစောင့် ၁၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
မြို့တော်ရဲ့ဆင်ခြေဖုံးရှိ လူပြည့်ကျပ်နေတဲ့ တာကမ်ဘူ အချုပ်ခန်းရှိ အဆောက်အအုံတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။
အစိုးရနဲ့ စစ်တပ်တို့ဟာ အကျဉ်းထောင်ပုန်ကန်မှုကိုတုံ့ပြန်တဲ့အနေနဲ့ နောက်ပိုင်းမှာ ဓားစာခံ ၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အွန်ရစ်ကေးရီးရာက ပြောကြားပါတယ်။
အကျဉ်းထောင် ရုန်းရင်းဆန်ခတ်မှုတွေအတွင်း ရဲအရာရှိ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ထောင်ဝင်ပေါက် မီးလောင်နေချိန်မှာ ရဲတွေက အဓိကရုဏ်း အကာအကွယ်တွေနောက်မှာ အသင့်အနေအထား ရှိနေခဲ့ကြပြီး မီးသတ်သမားတွေက မီးထိန်းနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တချိန်တည်းမှာပဲ အကျဉ်းသားမိသားစုတွေဟာ အကျဉ်းထောင်အပြင်ဘက်မှာ စုရုံးဝိုင်းအုံလာကြပြီးသူတို့ရဲ့ ချစ်ခင်သူတွေနဲ့ပတ်သက်တဲ့ သတင်းတွေကို စောင့်မျှော်နေခဲ့ပါတယ်။
အကျဉ်းသား ၄၀၀၀ လောက်ရှိတဲ့ တာကမ်ဘူ အကျဉ်းထောင်ဟာ ခနော်နီခနော်နဲ့ သွပ်မိုး အဆောက်အဦ ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ကျွမ်းကျင်သူတွေရဲ့အဆိုအရ လူဆိုးဂိုဏ်းတွေဟာ အကျဉ်းထောင်တွင်းက လူတွေအပေါ် လွှမ်းမိုးမှု အပြည့်နီးပါး ရှိနေတယ်လို့ သိရပါတယ်။
Source/Photo - Reuters