ပီရူးရဲတပ်ဖွဲ့ဟာ အောက်တိုဘာ ၈ ရက်က မြို့တော်လီမာရှိ လူကုန်ကူးဂိုဏ်း ကွင်းဆက်တခုကို ဖြိုခွင်းခဲ့ရာမှာ ရာဇဝတ်ဂိုဏ်းဝင်တွေလို့ သံသယရှိသူ ၈ ဦးကို ဖမ်းဆီးခဲ့ပြီး အာရှနိုင်ငံသား ၄၄ ဦးကို ကယ်တင်ခဲ့ပါတယ်။
လူကုန်ကူးခံရသူ အများစုမှာ မလေးရှားနွယ်ဖွားတွေဖြစ်ကြပြီး ဖုန်း လိမ်လည်ခေါ်ဆိုရေး စင်တာတခုမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေခံခဲ့ရကြောင်းနဲ့ လှည့်ဖြားဖို့ ရည်ရွက်ချက်တွေနဲ့ ပီရူးနိုင်ငံကို သွေးဆောင်ခေါ်ယူခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေဟာ မလေးရှားနိုင်ငံမှ အမျိုးသမီး ၂၆ ဦးနဲ့ အမျိုးသား ၁၇ ဦး၊ ထိုင်ဝမ်က အမျိုးသမီးတဦးတို့ကို တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။
မလေးနိုင်ငံသားတွေထဲက တဦးဟာ သူ့နိုင်ငံမှာ လူပျောက်တိုင်ထားတယ်လို့ သိရပြီး သူတို့အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ပီရူးနိုင်ငံ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ကားလော့စ် မာလဗာက“ဒီအခြေအနေ ဒါမှမဟုတ် နိုင်ငံဖြတ်ကျော်မှုခင်းထဲမှာ ထိုင်ဝမ်နွယ်ဖွားတွေအပြင် ပီရူးနိုင်ငံသား ၂ ဦး ပါဝင်နေနိုင်ကြောင်းနဲ့ ပီရူးကို ဝင်ရောက်ဖို့က ဗီဇာမလိုအပ်တာကြောင့် ဒါမှမဟုတ် တခြားနိုင်ငံတွေက နိုင်ငံသားတွေလိုပဲ လိုအပ်ချက်တွေ ပြည့်မီနေတာကြောင့် သူတို့ဟာ ပုံမှန်နည်းလမ်းနဲ့ပဲ လာကြကြောင်း၊ သူတို့ဟာ ကာစီနို လောင်းကစားရုံတွေ ဒါမှမဟုတ် အကြွေစေ့နဲ့ လည်ပတ်လုပ်ကိုင်တဲ့ လုပ်ငန်းတွေမှာ အလုပ်လာလုပ်ရမယ်ဆိုတဲ့ လှည့်စားခေါ်ယူမှုအောက်မှာ ရောက်လာတာပါ” လို့ ပြောပါတယ်။
ဒေသအာဏာပိုင်တွေဟာ လူကုန်ကူးဂိုဏ်းကို ဦးဆောင်တယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်ဝမ်နိုင်ငံသား ၆ ဦးကို ရုံးတင်မစစ်ဆေးခင် တရားခွင်အကြို ဖမ်းဆီးချုပ်နှောင်ထားဖို့ အောက်တိုဘာ ၉ ရက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။
လူကုန်ကူးခံရသူတွေ ထွက်ပြေးလို့မရအောင် သူတို့ကို ချုပ်နှောင်ထားတဲ့ လီမာမြို့တော်က ၃ ထပ် အဆောက်အဦကို လျှပ်စစ်ခြံစည်းရိုး၊ သံတိုင်တပ် ပြတင်းပေါက်တွေနဲ့ တံခါးတွေကိုလည်း သစ်သားတွေနဲ့ သော့ပိတ်ထားတာ ဖြစ်ပါတယ်။
အဲဒီကနေ လွတ်မြောက်လာသူ ၂ ယောက်ရဲ့ သတင်းပေးပို့ချက်နဲ့ ဒီအမှုကို လူသိများလာခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters