စစ်ကောင်စီလက်ထက် ပုဂ္ဂလိကပညာရေးဥပဒေအသစ်ကို ပြဋ္ဌာန်းထားပြီး ထွက်လာမဲ့ နည်းဥပဒေ သတ်မှတ်ချက်ဟာ ကျောင်းဟောင်းတွေအတွက် အခက်အခဲဖြစ်စေမယ်လို့ ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ထားသူတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် မေ ၁၂ ရက်မှာ စစ်ကောင်စီက ပုဂ္ဂလိကပညာရေးဥပဒေကို အသစ်ပြဋ္ဌာန်းလိုက်ပြီး ထွက်လာဖို့ရှိနေတဲ့ နည်းဥပဒေသစ်မှာ အကျယ်အဝန်း သတ်မှတ်ချက်ကို ပြောင်းလိုက်တာကြောင့် ကျောင်းဟောင်းတွေ အခက်ကြုံရမယ်လို့ ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ထားသူတယောက်က ပြောပါတယ်။
“အခက်ခဲတွေ အများကြီးရှိတာပေါ့။ အဓိကကတော့ မြေနေရာပဲ။ အသစ်ဖွင့်မယ့် ကျောင်းတွေအတွက် အဆင်ပြေကောင်းပြေနိုင်ပေမဲ့ ကျောင်းဟောင်းတွေအတွက်ကျတော့ မြေအကျယ် နှစ်ဆ ပိုတိုးလိုက်တာကြောင့်ပါ။ ၂၀၁၂ နည်းပဒေမှာတုန်းက မူလတန်းကို မြေအကျယ်ပေ (စတုရန်းပေ) ၂၄၀ နဲ့ အလယ်တန်း၊ အထက်တန်းအတွက် ၃၆၀ ဆိုပြီး သတ်မှတ်ထားတယ်။ အခုနောက်ထွက်မယ့် နည်းဥပဒေမှာက နှစ်ဆ ဖြစ်သွားတယ်။ မူလတန်းကို ပေ ၂၀ x ၂၄ ပေ ဆိုတော့ ၄၈၀ ဖြစ်သွားပြီး အလယ်တန်းနဲ့ အထက်တန်းကိုတော့ ၂၄ ပေ x ၃၀ ပေ ဆိုတော့ စတုရန်းပေ ၇၂၀ ဖြစ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာ ကျောင်းဟောင်းတွေအနေနဲ့ ကျောင်းအဆောက်အအုံတွေကို ပြန်လည်ချဲ့ဖို့ အဆင်မပြေနိုင်ဘဲ အခက်အခဲတွေ အများကြီးရှိနေပြီး နှစ်ရှည်ဖွင့်လှစ်ခဲ့တဲ့ ပုဂ္ဂလိကကျောင်းတွေအတွက် နစ်နာတာကြောင့် ပြန်လည်ဖြေလျှော့ပေးစေချင်တယ်လို့ သူက ဆက်ပြောပါတယ်။
ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ထားသူတယောက်ကလည်း နည်းပဒေသစ်က ကျောင်းဟောင်းတွေအတွက်လည်း အကျယ်အဝန်း တိုးရမယ်ဆိုရင် ပုဂ္ဂလိကကျောင်း ၈၅ ရာခိုင်နှုန်းလောက် ပိတ်လိုက်ရမှာဖြစ်လို့ ၂၀၁၂ နည်းဥပဒေအတိုင်း ပြန်လည်ကျင့်သုံး စေချင်တယ်လို့ ပြောပါတယ်။
“အကြံပေးချင်တာက ကျောင်းဟောင်းတွေကို ၂၀၁၂ နည်းဥပဒေအတိုင်း ပြန်လည် ကျင့်သုံးစေချင်တယ်။ လက်ရှိ ဖြစ်နေတာက ကုန်စျေးနှုန်းတက်တယ်။ မြေစျေးတွေ တက်တယ်။ ငွေကြေးတွေဖောင်းပွတော့ လုပ်ချင်စိတ်ရှိသော်ငြားလည်း ပညာရှင်တွေအနေနဲ့ ဆုတ်သွားရမယ့်ပုံ ဖြစ်နေပြီ” လို့ ပြောပါတယ်။
အခုဥပဒေသစ်မှာ ကိုယ်ပိုင်နဲ့ ပုဂ္ဂလိကကျောင်းတွေမှာ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်တာကို စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် အနည်းဆုံး ၆ လကနေ ၂ နှစ်အထိ သတ်မှတ်ထားပြီး ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ်သိန်း ၃၀ ကနေ အများဆုံးသိန်း ၅၀၀ အထိ သတ်မှတ်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ကျောင်းတွေမှာ ကျောင်းမထားဘူး ဆိုပြီး ကျောင်းသားမိဘအများစုက တလကို အနည်းဆုံး ငွေကျပ် ၆၀၀၀၀ ကနေ ၂ သိန်း နီးပါးအထိ ပေးရတဲ့ ကိုယ်ပိုင်ကျောင်း၊ ပုဂ္ဂလိကကျောင်းတွေကို ပိုမို ရွေးချယ်လာကြပါတယ်။
အဲဒါကြောင့် ပုဂ္ဂလိကကျောင်းတွေအပေါ် စစ်ကောင်စီက ပိုပြီးထိန်းချုပ်တင်းကျပ်လာတာ ဖြစ်မယ်လို့ ဝေဖန်ကြပါတယ်။
“ဒီအစိုးရက ပညာရေးကို မြင့်မားအောင်လုပ်နေတယ်လို့သာ ပြောတယ်။ လက်ရှိမှာ Update မဖြစ်ဘဲ Outdate ဖြစ်နေတယ်။ သူတို့ရဲ့အားနည်းချက်ကတော့ ထိုင်ခုံပေါ်မှာထိုင်ပြီး ဥပဒေရေးဆွဲနေကြတာပဲ။ တကယ်တမ်း မြေပြင်မှာ လုပ်နေကြတဲ့ လုပ်ငန်းရှင်၊ ဆရာ ဆရာမတွေကို ခေါ်ယူညှိနှိုင်းပြီး လုပ်ဆောင်ရင်တော့ ပိုအောင်မြင်တာပေါ့။ လက်ရှိကာလမှာက ကျနော်တို့လို ပုဂ္ဂလိကကျောင်းတွေကိုပဲ အားထားနေကြတာ။ ကျနော်တို့ဘက်ကလည်း နည်းဥပဒေသစ်အရဆိုရင် ကျောင်းကို အကြီးကြီးတွေ ဆောက်ရတော့မယ်။ အဲဒီအတွက် မြေဝယ်ရတော့မယ်။ မလုပ်နိုင်ရင်တော့ ဒီလောကထဲ ခရိုနီတွေ ဝင်လာမယ်၊ နိုင်ငံခြားသားတွေ ဝင်လာတော့မှာပေါ့” လို့ ပြောပါတယ်။
တနိုင်ငံလုံးမှာ ပုဂ္ဂလိကကျောင်းပေါင်း ၁,၂၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းမှာ ၂၃၀ ကျော် ရှိရာက အသစ်ထပ်မံလျှောက်ထားသူ ၁၀၀ ကျော်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ပညာသင်နှစ်မှာတော့ ပုဂ္ဂလိကကျောင်းအပါအဝင် အစိုးရကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ ၁၆ သိန်းကျော် တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အခုဥပဒေမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး မသင်ကြား မပြောဆိုဖို့ သတ်မှတ်ထားပြီး ဒါက ဒီမိုကရေစီကို မသိ၊ နိုင်ငံရေး မသိတဲ့ ခပ်ညံ့ညံ့မျိုးဆက်တွေကို အခုလို ပညာရေးစနစ်ကနေ မွေးထုတ်ပြီးတော့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ အာဏာခိုင်မြဲရေးအတွက်ပဲ အကောင်အထည်ဖော်တဲ့ ဥပဒေလို့ ပုဂ္ဂလိက ပညာရေးဥပဒေအပေါ် ဝေဖန်ပြောဆိုမှုတွေလည်း ရှိပါတယ်။
၂၀၂၄-၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားနေတဲ့ ကိုယ်ပိုင်ကျောင်း ဒါမှမဟုတ် ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ကျောင်းမှတ်ပုံတင်ခွင့်ကို အခု အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားကြဖို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးကြေညာထားပါတယ်။