ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်ကောင်စီက ထုတ်ပယ်ပြီးတဲ့နောက် စစ်ခုံရုံးနဲ့စစ်ဆေးပြီး ထောင်ဒဏ် နှစ် ၂၀ နဲ့ ညီမျှတဲ့ တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
နိုင်ငံပိုင်မီဒီယာတွေကနေတဆင့် ဒီနေ့ညမှာ ထုတ်ပြန်လာတာဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး (ဟောင်း) မိုးမြင့်ထွန်းဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်တွေကို ထမ်းဆောင်စဉ်အတွင်း လာဘ်စားခဲ့တာကြောင့်လို့ ဆိုပါတယ်။
စားအုန်းဆီတင်သွင်းဖို့ သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာတွေကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းချပေးပြီး တင်သွင်းစေခဲ့ပေမဲ့ သတ်မှတ် ရည်ညွှန်းဈေးနှုန်းထက် ဈေးတင်ရောင်းနေတာကိုသိလျက်နဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်တာ စတာတွေလည်းပါတယ်လို့ ဆိုပါတယ်။
ပြီးတော့ ကုမ္ပဏီတွေကပေးတဲ့ လာဘ်လက်ဆောင်တွေကိုယူတာ၊ နိုင်ငံခြားသုံးငွေတွေ လက်ထဲမှာထားတာ၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ပြီး အရပ်ဘက် စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာကြောင့် သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ခဲ့တာလို့ ဆိုပါတယ်။
ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးဟာလည်း ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်တုန်းက လာဘ်လာဘ ကိုယ်ကျိုးယူတာ၊ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာ မူဝါဒနဲ့ တခြားစီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ဆန့်ကျင်ပြီး နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေကိုသွေဖည်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးတော့ ရာထူးလုပ်ပိုင်ခွင့်ကိုသုံးပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေတွေ လဲလှယ်ပေးတာ၊ စီးပွားရေးလုပ်ငန်းရှင်တွေဆီက နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေတွေကို လက်ခံရယူခဲ့တာ၊ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနဲ့ ဆက်သွယ်ပေးတာ၊ နိုင်ငံခြားငွေလက်ဝယ်ထားတာ၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက် တွေကို ဖောက်ဖျက်ပြီး အရပ်ဘက်စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တာတွေကြောင့် သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လာတာဖြစ်ပေမဲ့ ဘယ်နေ့က စီရင်ချက်ချလဲ ဆိုတာကိုတော့ မဖော်ပြထားပါဘူး။