မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ ဆည်ပေါက်ချောင်းမှာ ဆည်ပေါက်ရွာသားတဦး ရေထဲမျောပါ ရေနစ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၉ ရက် ည ၈ နာရီလောက်မှာ ဆည်ပေါက်ချောင်းကို ဖြတ်ကူးချိန် ချောင်းရေများလာပြီး ရွာသားတဦး ချောင်းတွင်းမျောပါ ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက်က ဆည်ပေါက်ကျေးရွာနဲ့ ၅ မိုင်ခန့်ဝေးတဲ့ လဲဂွကျေးရွာနဲ့ ကုန်းတဲကျေးရွာအကြားမှာ ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
သေဆုံးသူဟာ အသက် ၆၆ နှစ်အရွယ် ဦးသန်းဝင်း ဖြစ်ပြီး ဆည်ပေါက်ကျေးရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။
ဒေသခံတဦးက “သူက မူးနေပြီး ရွာအပြန် ချောင်းကိုဖြတ်ကူးတာ၊ သူ ဖြတ်နေတဲ့အချိန် ချောင်းရေကျပြီး မျောပါသွားတာ” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ကျောက်ပန်းတောင်းမြို့ခံ ပရဟိတအသင်းက ဆေးရုံပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုခံယူပြီး ဆည်ပေါက်ရွာကနေအိမ်ကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။