အမေရိကန်စီးပွားရေးသမိုင်းပညာရှင် ကလော့ဒီယာ ဂိုးလ်ဒ်အင်းဟာ အမျိုးသားနဲ့ အမျိုးသမီးအကြား လုပ်အားခ မညီမျှမှုနဲ့ ပတ်သက်ပြီး စူးစမ်းလေ့လာတွေ့ရှိမှုအတွက် ၂၀၂၃ ခုနှစ် စီးပွားရေးနိုဘယ်ဆုကို ရခဲ့တယ်လို့ တော်ဝင်ဆွီဒစ်ရှ် သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
ဒီဆုဟာ အခုနှစ် နိုဘယ်ဆုတွေထဲမှာ နောက်ဆုံးဆု ဖြစ်ပြီး ဆုငွေ ဆွီဒင် ခရောင်းငွေ ၁၁ သန်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး ရှိပါတယ်။
ဂိုးလ်ဒ်အင်းဟာ ၁၉၉၀ ပြည့်နှစ်မှာ ဟားဗတ်စီးပွားရေးဌာနမှာ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့ပြီး ဘောဂဗေဒ ဆိုင်ရာ နိုဘယ်ဆုရတဲ့ တတိယမြောက်အမျိုးသမီးလည်း ဖြစ်ပါတယ်။
ဂိုးလ်ဒ်အင်းရဲ့ ၁၉၉၀ ပြည့်နှစ်ထုတ် စာအုပ်ဖြစ်တဲ့ “ကျားမ အခန်းကဏ္ဍ ကွာဟချက်ကို နားလည်ခြင်း- အမေရိကန် အမျိုးသမီးတွေရဲ့ စီးပွားရေး သမိုင်း" စာအုပ်ဟာ လုပ်ခလစာ မညီမျှမှုရဲ့ အရင်းအမြစ်တွေကို စစ်ဆေးချက်တစ်ရပ် ဖြစ်လာပြီး အလွန် သြဇာညောင်းခဲ့ပါတယ်။
အမျိုးသမီးတွေရဲ့ အသက်မွေး ဝမ်းကြောင်းနဲ့ အိမ်ထောင်ရေး ဆုံးဖြတ်ချက်တွေ အပေါ် သန္ဓေတားဆေးရဲ့ အကျိုးသက်ရောက်မှု၊ အိမ်ထောင်ပြုပြီးတဲ့နောက် အမျိုးသမီးတွေရဲ့ မျိုးရိုး နာမည်တွေက လူ့အလွှာ ညွှန်းကိန်း ဖြစ်လာပုံနဲ့ ခုခေတ် အမျိုးသမီး အများစုက ဘွဲ့ကြိုကျောင်းသူ တွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေကို သူက လေ့လာခဲ့တာပါ။
ကလော့ဒီယာ ဂိုးလ်ဒ်အင်းရဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ လူမှုရေး ဆိုင်ရာ သက်ရောက်မှုတွေ ရှိတယ်လို့ စီးပွားရေး နိုဘယ်ဆုရှင် ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင် ရန်ဒီ ယာမက်ရွှန်းက ပြောပါတယ်။
အလုပ်ရှင်တွေက ကျားမ ဖြစ်တည်မှုကိုအခြေခံပြီး ခွဲခြားဆက်ဆံခြင်းအတွက် ကမ္ဘာတဝန်းမှာ တရားမဝင်ပေမဲ့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် လစာ သိသိသာသာ ထင်ထင်ရှားရှား နည်းပါး နေပါသေးတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း ကွာဟချက်ကို ကျဉ်းမြောင်းစေတဲ့ တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ ဂိုးလ်ဒ်အင်းရဲ့ လေ့လာတွေ့ရှိချက်က မကြာမီအချိန်မရွေး ကွာဟချက် အပြီးအပြတ် ပိတ်သွား မယ့် အထောက်အထား နည်းနည်းပဲ ရှိတာကို ပြထားပါတယ်။
Source/Photo-Reuters