ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ နဝဒေးအိမ်ရာရှေ့မှာ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းက ဟိုက်ဂျက်နဲ့ နစ်ဆန် အေဒီဗန် တက္ကစီယာဥ်တို့ တိုက်မိပြီး လူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက်အစောပိုင်း ၁၂ နာရီ ၁၀ မိနစ်ခန့်က နဝဒေးအိမ်ရာအနီး လမ်းမမှာ လူ ၃ ဦးပါ ဟိုက်ဂျက်ကားနဲ့ ဘုရင့်နောင်ဘက်က မောင်းလာတဲ့ လူ ၂ ဦးပါ နစ်ဆန်အမျိုးအစား တက္ကစီတို့ တိုက်မိကြတာ ဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “ဟိုက်ဂျက်က ဖရီးကြောကနေ ထွက်လာတာ၊ AD Van တက္ကစီက လမ်းမကြီးတည့်တည့် မောင်းလာရင်း ဖြစ်တာ။ ဒဏ်ရာရတာက အားလုံး ၅ ဦးပါ။ ဟိုက်ဂျက်ပေါ်က အမျိုးသား ၃ ဦး၊ တက္ကစီပေါ်က အမျိုးသား ၂ ဦး၊ ဟိုက်ဂျက်အနောက်မှာ လိုက်တဲ့ တဦးက အနီရောင်အဆင့်လူနာပါ” လို့ ပြောပါတယ်။
ဟိုက်ဂျက်ယာဉ်ပေါ်ပါ အသက် ၃၀ ကျော် အမျိုးသား ၃ ဦးအနက် ၂ ဦးမှာ ဦးခေါင်းကွဲ၊ ပွန်းပဲ့ မစိုးရိမ်ရဒဏ်ရာနဲ့ ကျန်အမျိုးသား ၁ ဦးမှာ စိုးရိမ်ရဒဏ်ရာတွေ ရရှိသွားပြီး နစ်ဆန်တက္ကစီပေါ်က အမျိုးသား ၂ ဦးမှာ ခြေထောက်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
အနီးအနားနေသူတွေရဲ့ ပြောပြချက်အရ ဟိုက်ဂျက်ကားပေါ်ပါသူတွေဟာ မြို့နယ်စည်ပင်ဝန်ထမ်းတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးအနက် ၄ ဦးကို သွေးဒါနမျိုးဆက်အသင်း၊ အရပ်ဘက်အသင်းတွေက လူနာတင်ယာဉ်တွေနဲ့ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး စိုးရိမ်ရ အနီရောင်အဆင့်ရှိ အမျိုးသား ၁ ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ပါတယ်။